Monday, December 26, 2022

မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခ ဒေါက်တာဝင်းခိုင် ဖမ်းဆီးခံရ

မန္တလေးဆေးတက္ကသိုလ်က CDM လုပ်ထားတဲ့ ဆီးနဲ့ ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ဒီဇင်ဘာလ ၂၅ ရက် မနေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီအကြောင်းကိုသိတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် နန်းတော် ပုဂ္ဂလိကဆေးရုံမှာ ရှိနေချိန်မှာ ဒေါက်တာဝင်းခိုင်ကို စစ်ကောင်စီတပ်က လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လာဖမ်းသွားတာလို့ ဆိုပါတယ်။
“လူနာအယောင်ဆောင်ပြီး ဆေးခန်းလာပြတယ်။ နှစ်ရက်မြောက်နေ့မှာ နန်းတော်ဆေးရုံမှာပဲ လာဖမ်းသွားတာ။ အရပ်ဘက်အဝတ်အစားတွေနဲ့ပဲ ကားပါယူသွားတာ”
ဖမ်းဆီးခံရပြီးနောက် ဒေါက်တာဝင်းခိုင်ဟာ မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မန္တလေးပြည်သူ့ဆေးရုံကြီးကို အင်အားပြည့် ပြန်လည်ပတ်နိုင်ဖို့ CDM ဆရာဝန်တွေကို အခုလိုဖမ်းဆီးနေတာလို့ နီးစပ်ရာ ဆရာဝန်အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို စစ်ကောင်စီက ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထားပါတယ်။
ဒီ့အပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဆေးကောင်စီကလည်း ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းလိုက်တယ်လို့ CDM ဆရာဝန်အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၁၀၈ ဦး ဖမ်းဆီးခံထားရပါတယ်။

ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်အား တွေ့ရစဉ်။ (Photo: Citizen Journalist)
RFA

0 comments:

Post a Comment