Thursday, December 15, 2022

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာအားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာ မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်သည့်  (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းရေးသားပြောကြားထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်များ၊ စာပေ၊ သဘင်၊ ဂီတစသည့် အနုပညာများသည် နှစ်ပေါင်းထောင်ချီ ဖြစ်တည်လာခဲ့ကြောင်း၊ ထိုသို့တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့သော်ငြား ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည့် အချိန်အခါဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဆွေးနွေးဖက် အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများဖြင့် မပြတ်ထိတွေ့ဆက်ဆံလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ပွဲများကို ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်မှ ၁၅ ရက် အထိ ပထမအကြိမ်၊ သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ဒုတိယအကြိမ်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းချက်များအရ ပြည်နယ်အဆင့် နှစ်ဖက်သဘောထားများကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီး ဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။


Eleven

0 comments:

Post a Comment