Sunday, December 18, 2022

WHO က၂၀၂၃ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် Mpox တို့ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်ရောဂါများမဟုတ်ဟု ကြေညာမည်

 

COVID-19 နှင့် Mpox (မျောက်ကျောက်)ရောဂါ  နှစ်ခုစလုံးသည် ၎င်းတို့၏ အန္တရာယ်အများဆုံးအဆင့် အဆုံးသတ်သွားသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် အဆိုပါရောဂါ နှစ်ခုစလုံးကို ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးအပေါ်အခြေနေမဟုတ်တော့ဟု ကြေညာရန် မျှော်မှန်းကြောင်း WHO က လွန်ခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။

COVID-19ကူးစက်ရောဂါမှ အဓိကသင်ခန်းစာတစ်ခုမှာ နိုင်ငံများအနေဖြင့် မျှော်လင့်မထားသော ကူူးစက်ရောဂါများကို လျင်မြန်စွာ တု့ံပြန်ရမည်ဆိုသော သင်ခန်းစာဖြစ်သည်ဟု WHO အကြီးအကဲက ပြောသည်။

COVID-19 သည် ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ဖြစ်လာတော့မည် မဟုတ်ဟုမိမိတို့မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားလိုက်ပြီး ကပ်ရောဂါ အစပြုပုံကိုအတိအကျဖော်ထုတ်နိုင်သည့် သတင်းများကိုမျှဝေရန် တရုတ်နိုင်ငံအား တိုက်တွန်းခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားသည့် တတိယမြောက် နှစ်ပတ်လည် နီးကပ်လာချိန်တွင် WHOက ဗိုင်းရပ်စ်သည် ဤနေရာတွင်ရှိနေမည်ဖြစ်သော်လည်း ဗိုင်းရပ်စ်မှာ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်အတူ စီမံခန့်ခွဲပေးရန် လိုအပ်မည်ဟုဆိုသည်။

ကူးစက်လှိုင်းများသည် ရှိနေဆဲဖြစ်သည်ဟု မျှော်လင့်ရသော်လည်း ကပ်ရောဂါသည် ဖြစ်ပွားစ အနေအထားအတိုင်း မဟုတ်တော့ဟု WHOနည်းစနစ်ခေါင်းဆောင် မာရီယာ ဗန်ခါကိုဗာက ပြောကြားသည်။ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူများ၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားခြင်းမရှိသူများကြားတွင် သေဆုံးမှုများရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အပတ်စဉ် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးမှု စုစုပေါင်းသည် ယခုအခါ လွန်ခဲ့သောတစ် နှစ်ကထက် ငါးပုံတစ်ပုံဝန်းကျင်ရှိနေသည်ဆိုသော်လည်း သေဆုံးမှုမြင့်မားလွန်းနေဆဲဟု WHO အကြီးအကဲ တက်ဒရိုအက်ဟာနွမ် ဂေဘရီယေဆုက ပြောကြားသည်။

လွန်ခဲ့သောသီတင်းပတ်တွင် လူ ၁၀,၀၀၀ ထက် မနည်း အသက်ဆုံးရှုံးခဲ့ရကြောင်း၊ လူ၁၀,၀၀၀ ဆိုသည်မှာ များလွန်းနေဆဲဖြစ်ကြောင်း၊  လူ့အသက်များကိုကယ်ရန် နိုင်ငံအားလုံး လုပ်ဆောင်စရာအများအပြားရှိနေဆဲဖြစ်ကြောင်း ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံတကာစိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်ဟုတ်မဟုတ်ဆိုသည်ကို COVID-19 ဆိုင်ရာ WHO အရေးပေါ် ကော်မတီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲတွင် အစည်းအဝေးလုပ်သည့်အခါ အရေးပေါ်အဆင့် အဆုံးသတ်ရေးကို ကြေညာရေးအတွက် ဆုံးဖြတ်ရန်မူများကို ဆွေးနွေးမည်ဟု သိရသည်။

မူလက monkeypox (မျောက်ကျောက်) ဟုခေါ်ခဲ့သော Mpox ကူးစက်ရောဂါသည် ယခုနှစ်တွင် ကမ္ဘာကို အံံ့အားသင့်စေခဲ့သော ကမ္ဘာ့ကူးစက်ရောဂါဖြစ်လာသည်ဟု တက်ဒရိုအက်ဟာနွမ်ဂေဘရီယေဆုက ပြောသည်။

သို့ရာတွင် ကိုဗစ်ကဲ့သို့ပင် မျောက်ကျောက်အတွက် အရေးပေါ်အဆင့်သည် ၁၂ လအတွင်းတွင် အဆုံးသတ်သင့်သည်ဟု ၎င်းက ပြောသည်။

နိုင်ငံ ၁၁၀ မှ မျောက်ကျောက် ကူးစက်ခံရသူ ၈၂,၀၀၀ ကျော်ရှိ သည်ဟု သိရပြီး သေဆုံးသူ ၆၅ဦး ဖြင့် သေဆုံးမှုနှုန်း အလွန်းနည်းသည်ဟု ဆိုသည်။

ဇူလိုင်လတွင် မျောက်ကျောက်ကို ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ်ကြေညာခဲ့ပြီးနောက် အပတ်စဉ် မျောက်ကျောက် ကူးစက်မှုသည် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ဟု တက်ဒရိုက သတင်းထောက်များကို ပြောကြားခဲ့သည်။    


Eleven

0 comments:

Post a Comment