Thursday, December 15, 2022

မျက်ကြည်လွှာလှုံ့ဆော်ခြင်းနည်းလမ်းဖြင့်စိတ်ဓာတ်ကျခြင်းနှင့်ဒီမန်ရှာဝေဒနာတို့ကိုကုသပေးနိုင်ဖွယ်ရှိဟုဟောင်ကောင်သုတေသီများတွေ့ရှိ

ကမ္ဘာပေါ်က အဆိုးဆုံးရောဂါတွေထဲမှာပါတဲ့ စိတ်ဓာတ်ကျဝေဒနာနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာသည်တို့အတွက် ဘဝပြောင်းလဲစေတဲ့အခြေအနေများကို ဟောင်ကောင်တက္ကသိုလ်နဲ့ ဟောင်ကောင်မြို့ပြတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်အဖွဲ့က လေ့လာထုတ်ဖော်ခဲ့ပါတယ်။


မျက်လုံးမျက်နှာပြင်ဖြစ်တဲ့ မျက်ကြည်လွှာလှုံ့ဆော်မှု(TES)သိပ္ပံပညာအကြောင်း ဟောင်ကောင်တက္ကသိုလ် ဇီဝဆေးပညာသိပ္ပံကျောင်းမှ တွဲဖက်ပရော်ဖက်ဆာဒေါက်တာ'လင်မ်လီဝေ'က ရှင်းပြခဲ့ပါတယ်။

 

TES နည်းပညာက မျက်လုံးပြဿနာတွေကို ကုသရာမှာ ကောင်းကျိုးသက်ရောက်မှုများရှိပြီး လူတွေမှာ အလွယ်တကူအသုံးပြုနိုင်ပါတယ်။

 

အီလက်ထရုတ်လိုမျိုး မျက်ကပ်မှန်တွေကို လူနာရဲ့မျက်ကြည်လွှာပေါ်မှာထားပြီး လှုံ့ဆော်မှုပစ္စည်းတစ်ခုနဲ့ ချိတ်ဆက်လိုက်ပါတယ်။

 

အဲဒီကနေ အမြင်အာရုံကြောအပေါ် သက်ရောက်ပြီး မြင်ကွင်းကိုတိုးတက်စေပါတယ်။

 

TES က စိတ်ဖိစီးမှုဟော်မုန်းထုတ်လွှတ်မှုကို လျှော့ချပေးနိုင်တဲ့ ဦးနှောက်လမ်းကြောင်းများကို လှုံ့ဆော်ပေးကာ စိတ်ကျရောဂါပျောက်ဆေးကဲ့သို့ သက်ရောက်မှုမျိုးထုတ်လုပ်ပေးတယ်လို့ တွေ့ရှိခဲ့ပါတယ်။


ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်ခြင်း(DBS)က စိတ်ကျရောဂါကို ထိရောက်စွာကုသနိုင်ကြောင်းသိရှိထားပေမယ့် ခန္ဓာကိုယ်တွင်းထိ ခွဲစိတ်ရတာကြောင့် ဘေးထွက်ဆိုးကျိုးများရှိပြီး ခွဲစိတ်ရန်အတွက်လည်း ကျွမ်းကျင်ပညာရှင်များလိုအပ်ပါတယ်။

 

TES ကို ကြွက်တွေနဲ့စမ်းသပ်ရာမှာ သူတို့ရဲ့မျက်လုံးမျက်နှာပြင်မှာ အီလက်ထရုတ်များတပ်ဆင်ပြီး လျှပ်စစ်လှိုင်းပို့လွှတ်ပေးပါတယ်။

 

စိတ်ဓာတ်ကျဝေဒနာသည်တွေမှာ စိတ်ဖိစီးမှုကြောင့် ဦးနှောက်ရဲ့တုန့်ပြန်လုပ်ဆောင်မှုစွမ်းရည်ကို ဟန့်တားစေပါတယ်။

 

စိတ်ကျဝေဒနာသည်တွေမှာ ကော်တီဆောလ်ဟော်မုန်းပမာဏက မြင့်တက်လေ့ရှိရာ TES ကုသနည်းက အဆိုပါကော်တီဆောလ်ဟော်မုန်းကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

 

TES နဲ့စမ်းသပ်တဲ့ကြွက်တွေမှာ သင်ယူလေ့လာနိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်တို့က ကုသမှုမခံယူတဲ့ကြွက်တွေထက် ပိုမိုကောင်းမွန်ခဲ့ပါတယ်။

 

အယ်လ်ဇိုင်းမားနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာတွေမှာ အာရုံကြောရောင်ရမ်းခြင်းနဲ့ ကလာပ်စည်းဆုံရာနေရာတို့ ချို့ယွင်းကြပါတယ်။

 

TES နည်းလမ်းက အဆိုပါအာရုံကြောကလာပ်စည်းများ ဖြစ်ပေါ်ခြင်း၊ လုပ်ဆောင်ခြင်း၊ တည်ငြိမ်နိုင်စွမ်းတို့အတွက် လိုအပ်တဲ့ပရိုတိန်းတွေကို ပြန်လည်ထိန်းသိမ်းပေးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးပါတယ်။

 

တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုမှာ TES က မှတ်ဉာဏ်ပိုင်းစွမ်းရည်ကို တိုးတက်စေပြီး စိတ်ဓာတ်ကျခြင်းကို သက်သာစေကြောင်း အခိုင်အမာတွေ့ရှိခဲ့ပါတယ်။

 

Source: SCMP
#Yangon_Media_Group

0 comments:

Post a Comment