Sunday, December 18, 2022

ရှစ်လကျော်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှု၌ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု၌ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ရှစ်လကျော်တွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၉၈၉ ဘီလျံရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၁၄ ဒသမ ၁၁၇ ဘီလျံသာရှိသည်။ လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်တွင် ဆောင်ရွက်ထားသည့် ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃ ဒသမ ၈၇၂ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၇ ဒသမ ၄ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ကယ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၀ ဘီလျံကျော်ရှိရာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ပိုမိုတင်သွင်းခဲ့သည်။
ရှစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု စုစုပေါင်းပမာဏသည် ဒေါ်လာ ၂၃ ဒသမ ၅၃၇ ဘီလျံရှိသည်။ ယင်းအနက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုသည် ၇၆ ရာခိုင်နှုန်းကျော်အထိရှိပြီး နယ်စပ်မှ ကုန်သွယ်မှုသည် ၂၃ ရာခိုင်နှုန်းကျော်သာရှိသည်။

ပုံစာ- ရန်ကုန်မြို့ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဥ် (Photo-Asia World)
MTNews

0 comments:

Post a Comment