Thursday, December 15, 2022

လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ကောက်ယူမည်

လူဦးရေစာရင်းမှန်ကန်ရေး မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံအတွင်းရှိ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်သကဲ့သို့ ကြီးကြပ်မှုဗဟိုကော်မတီကလည်း တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီ အဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီးသတ်မှတ်ကာလ အချိန်တိုအတွင်း ပြီးစီးနိုင်ရေးနှင့် တိကျမှန်ကန်သော လူဦးရေစာရင်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို သင်တန်းများဖွင့်လှစ်ပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့ပြင် ယခုဖွင့်လှစ်သည့် ဗဟိုအဆင့် နည်းပြသင်တန်းများတွင် ထိထိရောက်ရောက် ပြန်လည်ပို့ချနိုင်သည်အထိ တတ်ကျွမ်းနားလည်မှသာ လက်တွေ့မြေပြင်ကွင်းဆင်းကောက်ယူမည့် အဖွဲ့များအနေဖြင့် လက်တွေ့နယ်ပယ်၌ တိကျမှန်ကန်သောလူဦးရေစာရင်းများ ကောက်ယူမှတ်သားနိုင်မည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် မသန်စွမ်းငါးမျိုး၏ အချက်အလက်များကိုလည်း သတ်မှတ်ပုံစံဖြင့် ကောက်ယူနိုင်ရေး သက်ဆိုင်ရာဌာနမှ လာရောက်ရှင်းလင်းပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စနစ်တကျလိုက်နာမှတ်သားကြရန်နှင့် မရှင်းလင်းသည့်အချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့ ပိုင်ပိုင်နိုင်နိုင်နားလည်တတ်ကျွမ်းသည့် အကြောင်းအရာများကို ဆင့်ပွားသင်တန်းများ၌ ထိထိရောက်ရောက် ပြန်လည်ရှင်းလင်း သင်ကြားပို့ချနိုင်မည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက်မှုများတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုဖွင့်လှစ်သည့် ဗဟိုအဆင့် နည်းပြသင်တန်းကို နေပြည်တော်၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာဒေသများ၌ ဒီဇင် ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်လည်းကောင်း၊ မြို့နယ်အဆင့်ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာမြို့နယ်များ၌ ဒီဇင်ဘာ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင်လည်းကောင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက် မှ ၃၁ ရက်အထိ၂၃ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ကောက်ယူမှတ်သားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Eleven

0 comments:

Post a Comment