Sunday, December 18, 2022

မြန်မာ့အရေးတွင် အလုပ်မတွင်ခဲ့သည့် ကမ္ဘောဒီးယား

အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည်။

၂၀၂၁ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံက ထမ်းဆောင်ခဲ့သည်။ အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ် တစ်နှစ်တာ တာဝန်ယူခဲ့သည့် ဘရူနိုင်းနိုင်ငံလက်ထက်တွင် ပြီးပြတ်ခြင်းမရှိခဲ့သော မြန်မာ့အရေးကိစ္စမှာ ၂၀၂၂ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌ တာဝန်နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ၏ ခေါင်းပေါ်သို့ ပုံကျလာသည့်အတွက် မြန်မာ့အရေးလေ့လာသူများက မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်စဉ်၌ပင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် နစကဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘောခရီး လာရောက်ခဲ့သည်။

၂၀၂၁ ခုနှစ်က သဘောတူညီ ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် နစကဥက္ကဋ္ဌကို တိုက်တွန်းခဲ့သည့် ဗီဒီယိုကွန်ဖရင့်စ်ဖြင့် ဆွေးနွေးမှုအပြီး သီတင်းပတ် နှစ်ပတ်ခန့်အကြာတွင် ဟွန်ဆန်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းခရီးစဉ်အတွင်း နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှု မပါရှိဘဲ အလုံးစုံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နှစ်နိုင်ငံပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် တင်းမာမှုများလျှော့ချရေးတို့အ ပေါ် ထောက်ခံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံကိုသွားခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တိုင်ပင်ခဲ့သင့်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ဟွန်ဆန်၏လုပ်ရပ်ကို မထောက်ခံဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကို တာဝန်ပေးခဲ့သည်။

■ ဟွန်ဆန်၏ ပြောစကားအချို့

၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ရယူပြီးနောက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပြောကြားမှုအချို့ကို ပြုလုပ်ခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီး မကြာမီမှာပင် အာဆီယံသည် မြန်မာ့အကျပ်အတည်း၏ ဓားစာခံမဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် ဇန်နဝါရီ ၁၈ ရက်က ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ဖွင့်ပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာကိစ္စအပြင် ကျွန်တော်တို့မှာ လုပ်စရာတွေအများအပြားရှိနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အာဆီယံဟာ မြန်မာအကျပ်အတည်းရဲ့ ဓားစာခံ မဟုတ်ပါဘူး”ဟု ဟွန်ဆန်က ပြောကြားသည်။

ထို့ပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးနှင့်ပတ်သက်၍ လက်လျှော့လိုက်ပြီဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားပြန်သည်။

ယခုစကားကိုမူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ကရာတီပြည်နယ်၌ ပြုလုပ်ခဲ့သည့် တံတားဖွင့်ပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို တာဝန်ယူခဲ့သည်မှာ တစ်လခွဲခန့်သာ ရှိသေးသော်လည်း နစကသည် နိုင်ငံ၏ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုးတက်မှုမရှိခဲ့ကြောင်းနှင့် ၎င်း၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လက်ကျန်သက်တမ်းအတွင်း ယင်းကဲ့သို့ ဖြစ်လာနိုင်ဖွယ်မရှိကြောင်းလည်း ဟွန်ဆန်က ဝန်ခံပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့အခြေအနေက ဆုပ်လည်းစူး စားလည်းရူးဆိုတဲ့ အခြေအနေပါပဲ”ဟု ဟွန်ဆန်က ပြောကြားသည်။

“သူတို့ကိုယ်တိုင်က အဲဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ စိုးရိမ်ဖို့ မလိုတော့ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

၎င်း၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးသက်တမ်း ကုန်ဆုံးရန် နောက်ထပ် ၁၀ လနှင့် ၁၄ ရက်သာ လိုတော့ကြောင်းနှင့် လာမည့် အာဆီယံဥက္ကဋ္ဌအနေဖြင့် ခက်ခဲသည့် အဆိုပါကိစ္စရပ်ကို ဂရုတစိုက် ကိုင်တွယ်ရမည်ဖြစ်ကြောင်းကိုလည်း ၎င်းက အကြံပြုခဲ့သည်။

ထို့ပြင် မြန်မာပြည်သူများနှင့် သဘောထားကွဲလွဲစရာရှိသည့် စကားမျိုးကိုလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့သည်။

မြန်မာပြည်သူများအနေဖြင့် ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့ခြင်းဖြစ်သည်။


“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံဥက္ကဋ္ဌကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောဖို့ မေတ္တာရပ်ခံတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ ဆန့်ကျင် ဆန္ဒပြနေတဲ့ ဆန္ဒပြပြည်သူတွေကို ရပ်တန်းကရပ်ဖို့ ကျွန်တော် ပြောချင်တယ်။ ဒီဟာက သူတို့နိုင်ငံကို သူတို့ ဖျက်ဆီးနေတာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာပဲဖြစ်တယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

 အာဆီယံအထူးကိုယ်စားလှယ် ဘာပြောလဲ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လိုပဲ မြန်မာ့အရေးနှင့်ပတ်သက်ပြီး နောက်ထပ်ပြောကြားလာသူမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းခံထားရသည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ဖြစ်သည်။

ပရက်ဆော့ခွန်းအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် နှစ်ကြိမ်လာရောက်ခဲ့သည်။

ပရက်ဆော့ခွန်းအနေဖြင့် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်မှ ၂၃ရက်အထိ သုံးရက်ကြာ အလုပ်သဘော ခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဒုတိယခရီးစဉ်ကိုမူ ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ ငါးရက်ကြာ လာရောက်ခဲ့သည်။

ပရက်ဆော့ခွန်း၏ ပထမဆုံး ခရီးစဉ်တွင် မြန်မာနိုင်ငံက အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် သက်ဆိုင်သူအားလုံး အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ အာဆီယံအတွင်းရေးမှူးရုံးနှင့် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာတို့၏ ကူညီထောက်ပံ့မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရန်၊ သက်ဆိုင်သူများအကြား နိုင်ငံရေး နည်းလမ်းအရ စေ့စပ်ဆွေးနွေးမှု အခြေအနေ ဖန်တီးပေးရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ပထမဆုံးခရီးစဉ်တွင် နစကဥက္ကဋ္ဌ အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်သော နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် အာဆီယံအထူးကိုယ်စားလှယ်၏ သက်ဆိုင်သူများအကြား နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ဆွေးနွေးမှုအခြေအနေ ဖန်တီးပေးရန်ဆိုသော ရည်ရွယ်ချက်မှာ ပြည့်မြောက်ခြင်း မရှိခဲ့ပေ။

ပရက်ဆော့ခွန်း၏ ဒုတိယခရီးစဉ်တွင်လည်း အာဆီယံ ဘုံသဘောတူညီမှု ငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် တစ်ရပ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ်တွင်မူ ထူးခြားချက်အနေဖြင့် ပထမအကြိမ်ခရီးစဉ်က တွေ့ဆုံခွင့်မရခဲ့သည့် နိုင်ငံရေးပါတီများ၊ ဃြဗ လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင် ခုနစ်ဖွဲ့နှင့် တွေ့ဆုံဆွေး နွေးခွင့်ရခဲ့သည်။

သို့သော် အာဆီယံ အထူးကိုယ်စားလှယ် မေတ္တာရပ်ခံထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုမှုကိုမူ နစကဘက်က ခွင့်မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့်အကြောင်းပြချက်ဖြင့် နစကဘက်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင်လည်း အာဆီယံ အထူးကိုယ်စားလှယ်၏ ပြည်တွင်းပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်မှာ လေထဲတိုက် အိမ်ဆောက်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

၎င်းအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့်ရမည်ဆိုပါက မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ အဆုံး သတ်ရန် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးသြဇာကို သုံးပြီး ဆောင် ရွက်လိုကြောင်း ပရက်ဆော့ခွန်းက ဃဗြ သတင်းဌာနနှင့် မေးမြန်းခန်း တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ခွင့်ရပါက မြန်မာနိုင် ငံ၏ အနာဂတ်အပေါ် ၎င်းင်း၏ အမြင် သဘောထားနှင့် ယခုအကျပ်အ တည်းကြီးမှ မည်သို့ထွက်ပေါက်ရှာ သင့်သည်ကို  မေးမြန်းဆွေးနွေးသွား မည်ဖြစ်ကြောင်း အာဆီယံ အထူး ကိုယ်စားလှယ်က ပြောကြားသည်။

“သူနဲ့ကျွန်တော်တို့ ဆွေးနွေးမယ့်၊ မေးမြန်းမယ့် အရေးကြီးဆုံးအရာကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်နဲ့ သက်ဆိုင်နေပါတယ်။ အကျပ်အတည်းက ထွက်မယ့်လမ်းကို သူ ရှုမြင်ပုံ၊ သူ့ရဲ့နိုင်ငံရေးသြဇာက ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးတို့ဆီ ဦးတည်စေနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးစေ့စပ်ဆွေးနွေးမှုတို့အပေါ် တွက်ဆပုံတို့ ဖြစ်ပါတယ်” ဟု ပရက်ဆော့ခွန်းကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကအပြင် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတွင် အရေးအပါဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို မှတ်ယူထားဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ အရေးအပါဆုံး ပလေယာတစ်ဦးအဖြစ် စဉ်းစားခံထားရဆဲ ဖြစ်ပါတယ်။ ပြီးတော့ သူဟာနိုင်ငံရေးနယ်ပယ်မှာရော၊ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးတို့မှာလည်း အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်ဆဲပါ”ဟု ပရက်ဆော့ခွန်းကဆိုသည်။

နောက်ပိုင်းတွင်မူ မြန်မာ့အရေးကို စူပါမန်းပင် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပရက်ဆော့ခွန်းက ပြောကြားလာပြန်သည်။

“ကျွန်တော်က အထူးသံတမန်ပဲ ဖြစ်ပါတယ်။ စူပါမန်းမဟုတ်ပါဘူး။ စူပါမန်းတောင် မြန်မာပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး”ဟု သြဂုတ် ၆ ရက် တွင် ၎င်းက ဖနွမ်းပင်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ရေတိုတွင် ကြီးကြီးမားမားတိုးတက်မှုအတွက် မျှော်လင့်ချက်များ လျော့နည်းနေသည်ဟု ၎င်းက ဆိသည်။

“ဆွေးနွေးတာဟာ နှစ်ချီကြာပါတယ်။ မြန်မာပြဿနာလိုမျိုးပေါ့။ အထူးသံတမန်ရဲ့ ခရီးစဉ် နှစ်ကြိမ်အပြီးမှာ လူအချို့က စိတ်မရှည်ကြတော့ဘူး။ ရလဒ်တွေကို မေးမြန်းကြပါတယ်။ နှစ်ကြိမ်ပဲသွားရသေးတာပါ” ဟု ပရက်ဆော့ခွန်းက ပြောကြားသည်။

 

 ကမ္ဘောဒီးယား တိုက်တွန်းချက်

အာဆီယံအနေဖြင့် ၂၀၂၁ ခု နှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံထိပ်သီး အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အတွက် မြန်မာနိုင်ငံကလည်း ယင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ထိုသို့သော အခြေအနေများ ဖြစ်ပေါ်လာခြင်းမှာ မြန်မာနိုင်ငံနှင့် အာဆီယံအကြား ဘုံသဘောတူညီချက် ငါးရပ်ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံက သဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု အာဆီယံက ဆိုထားသည်။

နောက်ဆုံးကျင်းပခဲ့သည့် အာ ဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စား မပြုသူသာ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

အောက်တိုဘာ ၂၇ ရက်တွင် မြန်မာ့အရေးဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံက တိုက်တွန်းမှုတစ်ခု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်စဲရန်နှင့် သက်ဆိုင်သူအားလုံးအနေဖြင့် အပြန်အလှန်စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်သွားရန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တိုက်တွန်ခဲ့ခြင်းလည်း ဖြစ်သည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာသည့်အပေါ် လေးလေးနက်နက် စိုးရိမ်မိကြောင်း ကမ္ဘောဒီးယားနိုင်ငံက ဆိုသည်။

“မြန်မာနိုင်ငံတွင် သာမန်ပြည်သူများ ကြုံတွေ့ခံစားနေရသည့် အလွန်ကြီးမားသော အတိဒုက္ခများနှင့် သေကျေဒဏ်ရာရမှုများ တိုးလာသည့်အပေါ် လွန်စွာစိတ်မကောင်း ဖြစ်မိပါသည်”ဟု ကမ္ဘောဒီးယားနိုင်ငံ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 ပရက်ဆော့ခွန်း၏ အကြံပြုချက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ စာမျက်နှာ ၂၀ ပါရှိသော အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က တင်သွင်းခဲ့သည်။

ယင်းအစီရင်ခံစာတွင် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ငါးရပ်ကို ပြင်ဆင်မည့်အစား ရှင်းလင်းသေချာသော ရည်မှန်းချက်များ၊ လက်တွေ့ကျသော လုပ်ဆောင်ချက်များ၊ သင့်လျော်သော အခြေအနေတိုးတက်မှုဆိုင်ရာ အညွှန်းများနှင့် အဆိုပါ သဘောတူညီချက်များကို အောင်မြင်စွာ ဖော်ဆောင်ရေးအတွက် တိကျသေချာသည့် အချိန်ကာလ သတ်မှတ်မှုတို့ ပါဝင်သော အကောင်အထည်ဖော်ဆောင်ရေးအစီအစဉ်ကို ဖြည့်စွက်ဆောင်ရွက်ရန် ပရက်ဆော့ခွန်းက အကြံပြုခဲ့သည်။

ဘုံသဘောတူညီချက်များကို ဖော်ဆောင်ရာတွင် နစကသာမက EAO များနှင့် NUG အပါအဝင် သက်ဆိုင်သူအားလုံးက တာဝန်ခံမှု ရှိသင့်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။

ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား အပြန်အလှန် စေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ် ကင်းမဲ့နေပြီး လက်ရှိတွင် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးက ဆွေးနွေးညှိနှိုင်းရေးအတွက် ကြိုတင်သတ်မှတ်ချက်များကို အပြန်အလှန် ငြင်းပယ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ ပုံမှန်ပြန်ဖြစ်လာအောင် လုပ်ဆောင်ခြင်းသည် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဆောင်သည့် တိုးတက်မှုအပေါ်တွင် အခြေခံသင့်ကြောင်းနှင့် ထိုမူဘောင်ကိုကျော်လွန်၍ အခြားသော အကြောင်းအရာများကို စဉ်းစားခြင်း မပြုသင့်ကြောင်း ပရက်ဆော့ခွန်းက ဆိုသည်။

 အလုပ်မတွင်ခဲ့သည့် ကမ္ဘောဒီးယား

လက်ရှိတွင် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယားအနေဖြင့် နောက်ဆုံးမီးစာကို ရောက်ရှိနေပြီဖြစ်သည်။

ယခုလိုအချိန်တွင် မြန်မာ့အရေးသည် ဖြေရှင်းရန် အချိန် ငါးနှစ်ကျော်ကြာနိုင်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားသည်။

အာဆီယံ-ဥရောပသမဂ္ဂ (အီးယူ) အထိမ်းအမှတ်ထိပ်သီးကို ဟွန်ဆန်က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဘယ်လ်ဂျီနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဒီဇင်ဘာ ၁၂ ရက်က ၎င်းကို လာရောက်တွေ့ဆုံကြသော ဥရောပရောက် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀၀ ကျော်နှင့် တွေ့ဆုံစဉ်  ဟွန်ဆန်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံဟာ ဖြေရှင်းဖို့ အနည်းဆုံး ငါးနှစ်ကျော် အချိန်ကြာမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ မြန်မာ့အရေးအတွက် ကောင်းမွန်တဲ့ ဖြေရှင်းနည်းရှိတယ်လို့ ထင်မြင်ထားသူရှိမယ်ဆိုရင်တော့ သူတို့အနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ တတိယအကြိမ် သွားရောက်မည် မဟုတ်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။

“အာဆီယံဥက္ကဋ္ဌအဖြစ် ကျွန်တော့် သက်တမ်းလည်း စေ့လုနီးပါး ရှိပြီဆိုတော့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ဟာ မြန်မာနိုင်ငံကို ပြန်သွားတော့မှာ မဟုတ်ပါဘူး”ဟု ဟွန်ဆန်က ဆိုသည်။

ကမ္ဘောဒီးယားအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ဖြေရှင်းပေးရန် အလေးထားဆောင်ရွက်ခဲ့သော်လည်း ကမ္ဘောဒီးယား၏ ဆောင်ရွက်ချက်များကို နစက,က အလေးမထားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

သို့သော် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ လက်ထက်တွင်မူ အလုပ်မတွင်ခဲ့ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။

အာဆီယံ၏ ကြားဝင်မစွက် ဖက်ရေးမူဝါဒရှိသော်လည်း ရရှိထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားလက်ထက်တွင် မည်သည့်သဘောတူညီချက်ကိုမျှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့သည့်အပေါ် မြန်မာ့အရေးလေ့လာသူများက ဝေဖန်ထောက်ပြခဲ့ခြင်းလည်း ဖြစ်သည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားနိုင်ငံထံ အလှည့်ကျဥက္ကဋ္ဌနေရာကို လွှဲပြောင်းပေးအပ်ခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားအနေဖြင့် မြန်မာ့အရေးကို မည်မျှအထိ ရွေ့အောင် စွမ်းဆောင်နိုင်မည်ကို မြန်မာ့အရေးလေ့လာသူများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။


Eleven

0 comments:

Post a Comment