Friday, December 16, 2022

ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ပိုများသော်လည်း ဒေါ်လာသန်း ၅၀၀ ကျော် လိုငွေပြနေ

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ပိုများ သော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅၄၂.၄၄၆ သန်း လိုငွေပြနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ထက် ပို့ကုန်ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်ရေးပိုငွေပြခဲ့သော်လည်း တခြားသောလမ်းကြောင်းများမှ သွင်းကုန်တင်သွင်းမှု များပြားနေခြင်းကြောင့် ကုန်သွယ်မှုလိုငွေပြနေခြင်း ဖြစ်သည်ဟု စီးပွားရေး လေ့လာသူများက ပြောသည်။
၂၀၂၁ ခုနှစ်က ပိတ်ထားသည့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ယခုနှစ် နယ်စပ်ကုန်သွယ်ရေးပမာဏသည် တိုးတက်လာခြင်း ဖြစ်သည်ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ၂၀၂၁ ထဲကို ပြောရမယ်ဆိုရင် ကိုဗစ်တတိယလှိုင်းကြောင့် လုံးဝရပ်ထားရတဲ့ သဘောရှိတယ်။ ဒါကြောင့် ၂၀၂၁ နှစ်လယ်လောက်ကနေပြီးတော့ ၁၁ လပိုင်းလောက်အထိက လုံးဝကို ရပ်ထား ရတယ်။ အဲဒီအချိန်မှာ ဘာမှ လုပ်ရှားလို့မရဘူး။ ဒါပေသည့် ၂၀၂၂ ထဲ ရောက်လာတဲ့အခါမှာတော့ ပြန်ပြီးတော့ အရောင်းအဝယ်တွေ ဖြစ်လာတယ်။ ဒါကြောင့် ဘာပဲပြောပြော အန်ကယ်တို့ ဆန်နဲ့ ဆန်ကွဲကတော့ ပြီးခဲ့တဲ့ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်ထက်စာရင် အခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်က သိသိသာသာကြီးကို တိုးတက်လာတယ်ပဲ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ မှာ ကိုဗစ်တတိယလှိုင်းကြောင့် တစ်ခုတည်းသော ဖွင့်ထားတဲ့ ကျင်စန်းကျော့ဂိတ်တောင် ပိတ်လိုက်တယ်။ ဆေးပစ္စည်းကလွဲရင် ကျန်တဲ့ပစ္စည်း အဝင်အထွက် လုပ်လို့ မရဘူး။ ဒါကြောင့် ၃ လလောက်က လုံးလုံး နားလိုက်ရတယ်။ ဘာမှလုပ်လို့မရဘူး။ ဒါပေသည့် ၂၀၂၂ ထဲမှာ ပြန်ပြီးတော့ လုပ်လို့ရတယ်။ ကုန်သွယ်မှုတွေ ပြန်စတယ်။ အရောင်းအဝယ်တွေ ပြန်လုပ်လို့ရတယ်။ ဒါကြောင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်ထက်စာရင်တော့ အခု ၂၀၂၂ - ၂၀၂၃ က ပိုပြီး ကောင်းတယ်လို့ အန်ကယ်ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ တိုးတက်ခဲ့သော်လည်း ကိုဗစ်ကာလ မတိုင်ခင် ကုန်သွယ်မှု ပမာဏထက် လျော့နည်းနေသေးကြောင်း ကုန်သည်များက ပြောသည်။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်း များအရ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၁၇၁ ဒဿမ ၁၄၃ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၁၇၁၃ ဒဿမ ၅၈၉ သန်း ကုန်သွယ်နိုင်ခဲ့သည့်အတွက် ပို့ကုန်လိုငွေ အမေရိကန်ဒေါ်လာ ၅၄၂ ဒဿမ ၄၄၆ သန်းဖြစ် ကြောင်း တွေ့ရှိရသည်။
ကုန်သွယ်မှုလိုငွေ ပြနေသည့်အပေါ် စီးပွားရေးပညာရှင်တစ်ဦးက “Trade မြင့်တာတော့ ကောင်းပါတယ်။ ကုန်သွယ်မှုလိုငွေ ပြနေတာ မကောင်းဘူးလို့ တစ်ထစ်ချကြီးလည်း ပြောလို့မရဘူးပေါ့။ ကုန်သွယ်မှုလိုငွေ ဘာကြောင့်ပြတယ်။ Export ကျလို့လား Import တအားတက်လို့လား။ Export မကျဘူး Import တက်တာ ပိုများလို့ ဒါဆိုရင်တော့ တအားအဆိုးကြီး မဟုတ်ဘူးပေါ့လေ Export လည်း တက်နေတယ်။ တစ်ခါ Import မှာမှ ၃ မျိုး ခွဲထားတယ်။ အရင်းအနှီးကုန်စည် capital goods ဆိုတာရယ်၊ နောက် intermediate goods၊ နောက် Consumer goods ပေါ့။ အဲဒီအထဲမှာမှ ဘယ်ဟာတွေကြောင့် Import တွေ တက်လာလဲဆိုတာ တစ်ချက်ကြည့် ရမယ်ပေါ့။ ဖြစ်လာတဲ့ ကုန်သွယ်မှုလိုငွေကို ဘာနဲ့ ဖြည့်ဆည်းမလဲပေါ့။ ဖြည့်လို့ရတာက FDI ပေါ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနဲ့ ဖြည့်လို့ရတယ်။ အဲဒီဟာတွေနဲ့ ကာမိနေသေးတာတော့ ကုန်သွယ်ရေးလိုငွေ များတယ်လို့ ပြောလို့ မရ သေးပါဘူး။ အဲဒီဟာတွေနဲ့ မကာမိတော့ဘူး နိုင်ငံတော်ရဲ့ အရန်ငွေထဲကနေ ထုတ်ပြီးတော့ သွားရတော့မယ် ဆိုရင်တော့ ကုန်သွယ်မှုလိုငွေ ၁ ကျပ်ပြရင်လည်း များတယ်လို့ ပြောလို့ရတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
ထို့နောက် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် နိုင်ငံ ခြား ရင်းနှီမြှုပ်နှံမှုအတွက် လိုအပ်သည့် ကုန်ကြမ်းများ တင်သွင်းနေရခြင်းကြောင့် လိုငွေကွာဟချက်သည် ဆက်လက် ရှိနေမည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

0 comments:

Post a Comment