Thursday, December 15, 2022

ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် လေးခုလုံးတွင် စွမ်းအားပြည့်စစ်ဆင်နိုင်တော့မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်ရေးတွေပါ ဆောင်ရွက်နိုင်တော့မှာဖြစ်တဲ့အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နဲ့ ရေအောက် လေးခုလုံးမှာ စွမ်းအားပြည့်စစ်ဆင်နိုင်တော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က ကျရောက်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်(လေ) ၇၅နှစ်မြောက်နှစ်ပတ် လည်နေ့မှာ မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာန ချုပ်အခမ်းအနား ပြောခဲ့တာဖြစ်ပါတယ်။
“ယနေ့ တပ်တော်ဝင်မည့် လေယာဉ်၊ ရဟတ်ယာဉ်များ၏ စွမ်းပကားများ ထပ်မံပေါင်းစပ်လိုက်မည်ဆိုပါက တပ်မတော်(လေ)အနေဖြင့် မဟာဗျူဟာမြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင် မှုများပါ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့်ရေအောက် Dimension လေးခုလုံးတွင် စွမ်းအား ပြည့်စစ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း” ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုနေ့မှာ ဝေဟင်နဲ့ မြေပြင်ကိုသာမက ရေပြင်ကိုပါ ကာကွယ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ တပ်တော်ဝင်နိုင်ခဲ့ခြင်းဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် များစွာအကျိုးရှိမယ်လို့လည်း စစ်ခေါင်း ဆောင်က ပြောခဲ့ပါတယ်။
ထပ်မံဝင်ရောက်လာတဲ့လေယာဉ်ထဲမှာ Su-30 SME လေယာဉ်ဟာ ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)အတွက် ပထမဦးဆုံးစတင်အသုံးပြုမယ့် Heavy Fighter အမျိုးအစားဖြစ်တယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ တိုင်းရင်းသားထိန်းချုပ်နယ်မြေတွေနဲ့ PDFစိုးမိုးနယ်မြေတွေကို တိုက်လေယာဉ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်၊ ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီးမှုတွေများစွာရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ(၂၃)ရက်ညပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက်၊ အနန့်ပါ ရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်ပြည့် အထိမ်းအမှတ် တေးဂီတပွဲကျင်းပနေတုန်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့တပ်မဟာမှူး (၁)ဦးအပါအဝင် အရာရှိ၊ စစ်သည်၊ အနုပညာရှင်တွေ လုပ်ငန်းရှင်တွေနဲ့ အရပ်သားတွေ စုစုပေါင်းတစ်ရာကျော်သေဆုံးခဲ့ရပါတယ်။

ဓါတ်ပုံ-mwd
BVJ

0 comments:

Post a Comment