Friday, December 16, 2022

NLD အစိုးရလက်ထက်က ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ် ထောင်ဒဏ် ၂၀နှစ် ချမှတ်ခံရ

NLD အစိုးရလက်ထက်က ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုငယ်အား ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၀နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

ဦးဘိုဘိုငယ်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့စကပြီး ဖမ်းဆီးခံခဲ့ရကာ အဂတိအမှုဖြင့် စွဲဆိုခံရပြီးနောက် ဒီဇင်ဘာလ ၁၃ရက်နေ့က ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၀နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးဘိုဘိုငယ်အား နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေအပေါ် ကြီးကြပ်မှုအားနည်းခဲ့ကြောင်းအပါအဝင် OSM က ထုတ်ယူခဲ့တဲ့ မြန်မာကျပ်ငွေသန်း ၁၉၀၀ကျော်အပေါ် အခွန်ကောက်ခံရာမှာလည်း ကြီးကြပ်မှုအားနည်းခဲ့တာကြောင့် အဂတိပုဒ်မ ၅၅ဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။

ဦးဘိုဘိုငယ်အား စွဲဆိုထားတဲ့ အဂတိအမှု ၂မှုအတွက် တစ်မှုကို ထောင်ဒဏ် ၈နှစ်နဲ့ နောက်ထပ်တစ်မှုအတွက် ထောင်ဒဏ် ၁၂နှစ် ချမှတ်လိုက်ခြင်းဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် တစ်နှစ်ကျော်အကြာမှာ အမှုဖွင့်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဦးဘိုဘိုငယ်သည် NLD အစိုးရလက်ထက်က ပြည်ပရောက် မြန်မာတတ်သိပညာရှင်တွေကို ဖိတ်ခေါ်ချိန်မှာ မြန်မာပြည်သို့ ပြန်လာခဲ့ပြီးနောက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

TMA

MyanmaPlatform

0 comments:

Post a Comment