Thursday, December 15, 2022

Su-30 SME​ လေယာဥ်၊ FTC 2000 G လေယာဉ်၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်နှင့် FT-7၊ Y-8 နှင့် K-8W လေယာဉ်များ တပ်တော်ဝင်ခဲ့ပြီး Dimension လေးခုစလုံးမှ တိုက်စစ်ဆင်နိုင်ပြီဟု တပ်ချုပ် ပြောကြား

တပ်မတော်(လေ)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့တွင် Su-30 SME လေယာဉ်၊ FTC 2000 G လေယာဉ်၊ Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်နှင့် FT-7၊ Y-8 နှင့် K-8W လေယာဉ်များ တပ်တော်ဝင်ခဲ့ပြီး Dimension လေးခုစလုံးမှ တိုက်စစ်ဆင်နိုင်ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။
လက်နက်ကိုင်အဖွဲ့ ၆၀၀ ခန့်ပေါ်ထွန်းလာပြီးနောက် လေကြောင်းတိုက်ခိုက်ရေးဆင်နွှဲနေမှုအပေါ် ကန့်ကွက်မှုများ၊ လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုများရှိနေချိန်တွင် ဒီဇင်ဘာ ၁၅ ရက်က ကျရောက်သည့် တပ်မတော်(လေ)၏ လေယာဥ်သစ်အများအပြား တပ်တော်ဝင်ခဲ့ခြင်းလည်းဖြစ်သည်။
Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ်ပြီး တပ်မတော် (လေ)အတွက် ပထမဦးဆုံး စတင်အသုံးပြုသည့် Heavy Fighter အမျိုးအစားဖြစ်သည်။
FTC 2000 G လေယာဉ်သည် ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ် အမျိုးအစားဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်သည်။
Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်သည် ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ရေငုတ်သင်္ဘောများအား ရှာဖွေတိုက်ခိုက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။
FT-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နှင့် K-8W လေယာဉ်များသည် အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ် အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင် ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကာ Y-8 လေယာဉ်မှာ သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ ခရီးသည်သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင်ကင်းထောက်ခြင်း၊ ရှာဖွေကယ်ဆယ် ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရှိရပြီး တပ်မတော် (လေ)အတွက် အားသစ် လောင်းသည့်အနေဖြင့် ထပ်မံ၍ တပ်တော်ဝင်ခြင်းဖြစ်ကြောင်းသိရှိရသည်။
တပ်မတော်(လေ) အနေဖြင့် ထိုသို့တပ်တော်ဝင်မှုများအပြင် နည်းပညာသုတေသနပြု စမ်းသပ်ထုတ်လုပ်နိုင်မှု အပိုင်းတွင်လည်း MTX-1A လေယာဉ်နှင့် SR-1 UAV များကို ကိုယ်တိုင် စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု တပ်ချုပ်က ပြောကြားသည်။
ထိုသို့ ​တပ်တော်ဝင်မည့် လေယာဉ်၊ ရဟတ်ယာဉ်များ၏ စွမ်းပကားများ ထပ်မံပေါင်းစပ်လိုက်မည်ဆိုပါက တပ်မတော်(လေ)အနေဖြင့် မဟာဗျူဟာမြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုများပါ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့်ရေအောက် Dimension လေးခုစလုံးတွင် စွမ်းအားပြည့် စစ်ဆင်နိုင်တော့မည်ဖြစ်ကြောင်းလည်း တပ်ချုပ်က ပြောကြားသည်။

0 comments:

Post a Comment