Friday, December 16, 2022

ငလျင်ကြောင့်စစ်ကိုင်းတောင်နှင့်မင်းကွန်းဒေသစေတီပုထိုးအချို့အနည်းငယ်ပျက်စီးခဲ့

ဒီဇင်ဘာ၁၅ရက်မနက်အစောပိုင်းကလှုပ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းမြို့နယ်၊မင်းကွန်းကျေးရွာ၊ မြသိန်းတန်စေတီတော်နှင့်ဝန်းကျင် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။
မြသိန်းတန် စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ ပြုတ်ကျပြီး စေတီတော်၏ အရှေ့ဘက်ခေါင်းလောင်းမှောက်အောက်ခြေမှ အထက်သပိတ်တော်အထိ ပေ ၄၀ ခန့်အက်ကြောင်းဖြစ်ခဲ့သည်။အရှေ့ဖက် သီတာခုနှစ်တန်မုဒ်ဦး၏ ၆ ခုမြောက်မုဒ်ဦး အနည်းငယ်အက်၊ ၇ ခုမြောက်မုဒ်ဦး၏ အထက်တံတိုင်း အနည်းငယ်အက်သွားပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား မင်းကွန်းကျေးရွာ၊ နဂါးပတ်ကျောင်း တိုက်ဆရာတော် ဥုးတိသာသန(လေးဌာန ဥက္ကဌ ဆရာတော်)ကထိန်းသိမ်း ထားကြောင်း သိရသည်။
ဒီဇင်ဘာလ၁၅ရက် နံနက် ၃ နာရီ ၁၅ ခန့်တွင် မန္တလေးမြေငလျင်စခန်း၏ အနောက် တောင်ဘက် (၁၅)မိုင်ခန့်အကွာ၊ တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅.၂ အဆင့်၊ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်သွားခဲ့မှုဖြစ်ခဲ့သည်။
ငလျင်ကြောင့်မင်းကွန်းပုထိုးတော်ကြီး၏ယခင်အက်ကွဲကြောင်းနေရာတွင် ၅ လက်မခန့် ထပ်မံ အက်ကွဲသွားကြောင်းသိရသည်။စစ်ကိုင်းတောင်ပေါ်ရှိစေတီပုထိုးအချို့လည်းအနည်းငယ်ပျက်စီးခဲ့ကြောင်းသတင်းရင်းမြစ်များထံကသိရသည်။
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန်စေတီ(ခ)ရှင်ဖြူဘုရား (ခ)ဆင်ဖြူရှင်ဘုရားဟူ၍နာမည် ၃ မျိုးဖြင့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပြီး တာဝတိံသာ နတ်ပြည်မှ စူဠာမဏိစေတီတော်အား ရည်မှန်း၍ လှူဒါန်းထားသော စေတီတော်တစ်ဆူဖြစ်သည်။
မြသိန်းတန် စေတီတော်မြတ်၏ ဖိနပ်အချင်း တော်မှာ ၂၁၄ တောင်ဉာဏ်တော်အမြင့် ၃၂၁ ပေရှိပြီး သီတာ ၇ တန်၊ တောင်ရံ ၇ ထပ်အာလိန် ၅ ဆင့်စောင်းတန်း ၃ သွယ်တို့ဖြင့် မြင်းမိုရ်တောင်နှင့် စကြဝဠာ တည်ရှိပုံကို ရည်မှန်းတည်ထားခြင်းဖြစ်ကြောင်း သိရသည်။









MyanmaPlatform

0 comments:

Post a Comment