Friday, December 16, 2022

သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံရှိ ပင်မထရန်စဖော်မာအကြီး(၃)လုံးပေါက်ကွဲပျက်စီးမှုဖြစ်ပေါ်လို့ မြဝတီတစ်မြို့လုံး လျှပ်စစ်ဓါတ်အားပြတ်တောက်နေ

ကရင်ပြည်နယ်၊သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံရှိ ပင်မထရန်စဖော်မာအကြီး(၃)လုံးပေါက်ကွဲ ပျက်စီးမှုဖြစ်ပေါ်လို့ မြဝတီတစ်မြို့လုံးတွင် လျှပ်စစ်ဓါတ်အားများပြတ်တောက်နေတယ်လို့ အဆိုပါ မြို့နေဒေသခံပြည်သူများထံမှ သိရပါတယ်။ 

အဆိုပါဖြစ်စဥ်ဟာ ယနေ့ ဒီဇင်ဘာလ(၁၆)ရက် နံနက်(၁) နာရီခွဲနှင့်(၂)နာရီကြားအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့ကြီး လျှပ်စစ်မီးပြန်လည်ရရှိဖို့ ကာလရှည်ကြာဦးမှာဖြစ်တယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

"ညကပဲမီးတွေအကုန်ပျက်သွားပါတယ်။ဒီတစ်ခေါက်က ဟိုတစ်ခါမီးပြတ်တာထက်ကြာမယ်လို့လည်း ပြောနေကြတယ်။လျှပ်စစ်မီးမရှိတော့စိတ်ညစ်စရာတော့ကောင်းတာပေါ့၊ကျမတို့ကတော့စိတ်လေနေပြီ။ အခုမီးမရတာက မြဝတီတစ်မြို့လုံးပါ"လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ယနေ့ နံနက်တွင် မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။

မြဝတီမြို့ရှိ သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံရှိပင်မထရန်စဖော်မာအကြီး(၃)လုံးပေါက်ကွဲပျက်စီးမှုက မည်သည့်အတွက်ကြောင့်ဖြစ်ပေါ် ခဲ့သည်ကိုတော့ တိတိကျကျ သိရှိရခြင်းမရှိသေးသလို အကြောင်း အရင်းအသေးစိတ်ကိုလည်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ မြဝတီမြို့နေဒေသခံများကတော့ ယနေ့ နံနက်အစောပိုင်း ၂ နာရီအချိန်ခန့်တွင် မီးသတ်ကားသံများကို စီစီညံအောင်ကြားခဲ့ရတယ်လို့လည်း ပြောပါတယ်။

"မနက် ၂ နာရီအချိန်လောက်မှာ မီးသတ်ကားတွေ သွားတဲ့အသံတွေတော့ကြားရပါတယ်"လို့ မြဝတီမြို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ပြုထားပါတယ်။

အလားတူ ယခုဒီဇင်ဘာလ ၁ ရက်နေ့မှာလည်း မြဝတီခွဲရုံကနေ ကော့ကရိတ်ဓါတ်အားခွဲရုံသို့ သွယ်တန်းထားတဲ့ 66kV ဓါတ်အားလိုင်း တာဝါတိုင်အချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေခဲ့သည့် အတွက် ကော့ကရိတ်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်းရှိနေတာပါ။ အဆိုပါမြို့နယ်နေဒေသခံများ၏ ပြောပြချက်အရ ဓါတ်အားပြတ်တောက်မည့်ကာလသည် အတိုင်းအတာတစ်ခုထိ ကြာမြင့်နိုင်မယ်လို့လည်း သိရပါတယ်။



MyanmaPlatform

0 comments:

Post a Comment