Sunday, December 18, 2022

ခရီးသွားတွေကို မျှော်လင့်နေတဲ့ မြန်မာနိုင်ငံရဲ့ ဝင်ပေါက် (သို့မဟုတ်) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

■ COVID-19ကန့်သတ်ချက်ဖြေလျှော့မှုများနှင့်  ပြည်တွင်းလေကြောင်း ခရီးသွားကဏ္ဍ

COVID-19 ရောဂါအခြေအနေများကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှုများကို ၂၀၂၁၊ ဒီဇင်ဘာ၁၆ရက်တွင် စတင်ကာ ပြန်လည်ပျံသန်းခွင့်ပြုခဲ့သည်။

ယင်းသို့ပြည်တွင်း လေကြောင်းလိုင်း များက ပုံမှန်ခရီးစဉ်များ ပြန်လည်  ပျံသန်း ရာတွင် ခရီးသွားလာခွင့်နှင့်ပတ်သက်ပြီး လိုက်နာရမည့် စံသတ်မှတ်ချက်(SOP) များအားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့သည်။

သို့ဖြစ်ရာ လက်ရှိတွင် နိုင်ငံပိုင် မြန်မာ အမျိုးသား လေကြောင်းလိုင်း၊ Air KBZ, Air Thanlwin, Mann Yadanarpon, Golden Myanmar စသည့် ပြည်တွင်း လေကြောင်း လိုင်းငါးခုက ၂၀၂၁၊  ဒီဇင်ဘာ ၁၆ရက်တွင် စတင်ကာ ပြည်တွင်းခရီးစဉ် အချို့ ကို ပြန်လည်ပျံသန်းခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုများပြုလုပ်နေ သည့် Yangon Aerodrome Company Limited (YACL) က အပြည်ပြည်ဆိုင်ရာ မြို့ပြလေ ကြောင်းအဖွဲ့ချုပ်(ICAO) ကထုတ်ပြန်  ထားသည့်Airport Public Health Contingency Plan (APHCP ) လမ်းညွှန်  ချက်များအတိုင်း အများပြည်သူကျန်းမာရေး ကြိုတင်ကာကွယ်ရေးအစီအမံများကို လိုက်နာ ဆောင်ရွက်ပြီး ပြည်တွင်းပုံမှန်လေ ကြောင်းခရီးစဉ်ပျံသန်းမှုတွေကို ဝန်ဆောင်မှုပေးရန်အဆင်သင့်ဖြစ်နေကြောင်း  ၂၀၂၁၊ ဒီဇင်ဘာ ၁ရရက်က သတင်းထုတ်ပြန်ခဲ့ သည်။

“ရန်ကုန်လေဆိပ် ပြည်တွင်းလေဆိပ် အဆောက်အအုံ - Terminal 3  မှာ ပြည် တွင်းပုံမှန်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပျံသန်းပေးနေတဲ့နေရာမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ SOP ပါ ကျန်းမာရေး  စံနှုန်းသတ်မှတ်ချက်နဲ့အညီ ICAO ရဲ့ APHCP ရဲ့ လမ်းညွန်ချက်တွေအ တိုင်း တိတိကျကျလိုက်နာဆောင်ရွက်နေပါတယ်” ဟု YACL မှ တာဝန်ရှိသူတစ်ဦးက ပြော ကြား ထားသည်။

■  နှစ်နှစ်ခန့် ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်ပျံသန်းမှုများ

ယင်းသို့ ပြည်တွင်းခရီးစဉ်ပျံသန်းမှု များကိုသာ လက်ခံ ဆောင်ရွက်ပေးနေသည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် နိုင် ငံတကာခရီးသည်တင်လေကြောင်းခရီး စဉ်ပျံသန်းမှုများအားလုံးမှာ ၂၀၂ဝခုနှစ်၊ မတ်လ ၂၉ရက်နေ့တွင် စတင်ဆိုင်းငံ့ထားခဲ့ ရခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေခြင့် အဆိုပါကာလအတွင်း အရေးပါ သော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲမှု များကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးကာ လေဆိပ်အတွင်း လူထုကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအတိုင်း ကာကွယ်မှု များကို ဆောင်ရွက်ထားကြောင်း အသိပေး ချက်ထုတ်ပြန်ခဲ့သည်။   

■  မြန်မာနှစ်သစ်ကူးကာလတွင် ပြန်လည်ဆင်းသက်ခွင့်ရရှိခဲ့ သည့် နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ် ပျံသန်းမှု      

၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင် ငံ၏ နိုင်ငံ တကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်နှင့် မြန်မာ နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင် ရောက်ရာတွင် လွယ်ကူ ချောမွေ့စေရေး အတွက် နိုင်ငံတကာ လေကြောင်း ခရီးစဉ် များ ယာယီကန့်သတ် သည့်အစီစဉ် အား ၂၀၂၂ခုနှစ်၊ ဧပြီ ၁၆ ရက်ထိ သတ် မှတ်ပြီး၊ ကိုဗစ်ရောဂါပြည် ဝင်ခွင့်လိုအပ်ချက်များ နှင့်အညီ ဧပြီ ၁၇ ရက် မှစတင်ကာ သတ်မှတ် စည်းကမ်း ချက် များ အတိုင်းပုံမှန်ပြန်လည် ပြေးဆွဲခွင့်ပြု ခဲ့သည်။

ယင်းကြောင့်ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် နှစ်နှစ်ကြာဆိုင်းငံ့ ထားခဲ့ရ သည့် နိုင်ငံတကာခရီးသည် တင်လေ ကြောင်း ခရီးစဉ်များကို ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်  ပြည်ဆိုင်ရာ လေဆိပ် ၊ Terminal 1 တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်က သတင်းထုတ်ပြန် ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ရရက်တွင် ပထမဆုံး ဆိုက် ရောက် လေကြောင်း ခရီးစဉ်ဖြစ်သည့်  Singapore Airelines – SQ 761 ကို ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်က လက်ခံဆောင်ရွက်ပေးခဲ့ သည်။

■  နိုင်ငံတကာခရီးစဉ်များ ပျံသန်းနေသည့် ပြည်တွင်း လေ ကြောင်းလိုင်းအချို့က ပြည်ပခရီးစဉ်များ စတင်ပျံသန်းခြင်း

ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် များသာပျံသန်းနေသည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် တွင် Commercial  Flight များအား ပြန်လည် ဆင်းသက်ခွင့်ရရှိခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံပိုင် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) က စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူ ခရီးစဉ်များနှင့် အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်း (MAI) က ဧပြီလအတွင်း ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ကိုလ်းက တ္တားနှင့် ဒေလီသို့ အထူးခရီးစဉ် များ ကို အသီးသီး စတင်ပျံသန်း ခဲ့သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ရရက် တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံး ပြန်လည်ဆင်းသက်သည့် Commercial Flight အနေဖြင့် မြန်မာအမျိုးသားလေ ကြောင်းလိုင်း UB 1002 သည် စင်ကာပူ နိုင်ငံမှ ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံပိုင် မြန်မာ အမျိုးသား လေကြောင်းလိုင်း၏ ပြည်ပ ခရီးစဉ်များကို ပုံမှန်ခရီးစဉ်များ အတိုင်း ပြန်လည် ပျံသန်း နေပြီဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေ ကြောင်းလိုင်းက ခရီးစဉ်သစ် တိုးချဲ့ ပျံသန်း ခြင်း အနေဖြင့် ရန်ကုန်-ချင်းမိုင်ခရီး စဉ်  ကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် နေ့မှ စတင် ကာ တစ်ပတ်လျှင် နှစ်ကြိမ်ပျံ သန်းခဲ့ပြီး၊ ဒီဇင်ဘာ ၂၁ရက်မှ စတင်ကာ တစ်ပတ် သုံးကြိမ် ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

ဒီဇင်ဘာလ ခရီးသွားရာသီတွင် ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့သို့ အလည်သွားရောက် မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့် တနင်္ဂနွေနေ့များ တွင် ပျံသန်းသွားမည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့်  ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာ အား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချ  ပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါရန်ကုန်-ဘန်ကောက်ခရီးစဉ်  အား အသွားအပြန် round trip အား အမေ ရိကန်ဒေါ်လာ ၇၄ ဒေါ်လာဖြင့် ဝယ်ယူနိုင် မည်ဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံသား ခရီးသည်တွေ အသွား များတဲ့ ဘန်ကောက် ခရီးစဉ်ကို နှစ်  သစ်ကူးအကြိုအထူးစျေးနှုန်းအနေနဲ့ ပျံသန်း ပေးတာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦး က ဆိုသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရား ဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်ကိုလည်း ပျံသန်းနေပြီဖြစ် သည်။

မြန်မာအမျိုးသားလေကြောင်း လိုင်း သည် ယခုနှစ်အတွက်ပထမဆုံး ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်အား ၂၀၂၂ခုနှစ်၊ နို ဝင်ဘာ ၄ရက်နေ့တွင် စတင်ပျံသန်းခဲ့ခြင်း ဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ် မူတည်၍ အပတ်စဉ် ရန်ကုန်-ဂါယာ-ရန်ကုန် ခရီးစဉ်အား ပျံသန်းသွားမည်ဟု သိရသည်။

Commercial Flight များဆင်းသက်  မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန်  အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  နိုင်ငံတကာမှ လေကြောင်းလိုင်းများ အနေဖြင့် NOK Air, Thai Smile , Air Asia, Malaysia Airline, Singapore Airline နှင့်  Korean Airline လေကြောင်းလိုင်း များ ကခရီးစဉ်များ ပြန် လည် ပျံသန်းနေပြီဖြစ်သည်။

နိုင်ငံတကာလေကြောင်းလိုင်း တစ်ခု ဖြစ်သည့် Air Asia (Behad) ၏ လေ  ကြောင်း ခရီးစဉ်များကို ၂၀၂၂ခုနှစ်၊ ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ သည်။

Air Asia (Behad) သည် ရန်ကုန်မြို့ နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ် လျှင် နှစ်ကြိမ်တိုက်ရိုက်ပျံသန်းမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြင် Korean Airline အပါအဝင်နိုင်ငံတကာမှ လေ ကြောင်းလိုင်း အသီးသီးကလည်း မြန်မာ နိုင်ငံ နှင့် ချိတ်ဆက်၍ ခရီးစဉ်များပျံသန်းရန် စီစဉ်နေပြီဖြစ်သည်။

■  နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်တွေ ပျံသန်းခွင့်ပြု ခဲ့ပေမယ့် ခြောက်ကပ်နေဆဲ ရန်ကုန်လေဆိပ်

ယင်းသို့နိုင်ငံတကာလေ  ကြောင်းလိုင်း အသီးသီးကလည်း မြန်မာနိုင်ငံ နှင့် ချိတ် ဆက်၍ ခရီးစဉ်များပျံသန်းရန်  စီစဉ်မှု ရှိနေ သော်လည်း မြန်မာနိုင်ငံ၏ အဓိက ဝင် ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သည် ပြည်ပခရီးသွားလာ ရောက်မှု နည်းပါးခြင်းနှင့်အတူ တိတ် ဆိတ် ခြောက်ကပ်နေဆဲဖြစ်သည်။

 “အခုချိန်ကတော့ မြန်မာနိုင်ငံကို လာ တဲ့ ခရီးသည်ထက် မြန်မာနိုင်ငံကနေ ပြည်ပ ထွက်ခွာတဲ့ ခရီးသည်တွေကပဲ ပိုများနေတဲ့ အခြေအနေပေါ့။ အရင်ကဆို နေ့ ည စည်ကား နေတဲ့ ရန်ကုန်လေဆိပ်က ခုတော့ နေ့လည်း တိတ်ဆိတ်၊ ညလည်း ခြောက်ကပ် ဆိုသလိုဖြစ်နေတာပေါ့။ ကိုယ့်အိမ်နီးချင်း  နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက သုဝဏဘူမိ လေ ဆိပ်မှာဆို နိုင်ငံတကာက ခရီးသွားတွေ များလွန်းလို့ တန်းစီစောင့်ဆိုင်း ရတာ။ ဘန် ကောက်မပြောနဲ့ ချင်းမိုင်လေဆိပ်တောင် ခရီးသည်တွေနဲ့ စည်ကား နေတာ တွေ့ခဲ့ရ တော့ ကိုယ့်နိုင်ငံ လေဆိပ်ကိုလည်း အရင် လိုခရီးသွားတွေနဲ့ စည်စည်ကားကားဖြစ် မယ့် အချိန်ကို မြန်မြန်ရောက်စေချင်မိ တယ်” ဟု ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာသည့် မြန်မာခရီးသွား တစ်ဦးက ဆိုသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆိုက်ရောက်မှု နည်းပါးနေဆဲဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေ ဖြင့် လေဆိပ်လုပ်ငန်းများဆောင်ရွက်ရန် မဖြစ်မနေ ထားရှိရမည့် ဝန်ထမ်းများကိုသာ ထားရှိ၍ အများစုအား လုပ်ငန်းတာဝန်မှ ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

 “အခု ရန်ကုန်လေဆိပ်အခြေအနေ ကတော့ Operation အတွက် မဖြစ်မနေ ထားရှိရမယ့်ဝန်ထမ်းအင်အားသာ ထားရှိ ပြီး စိတ်မကောင်းစွာနဲ့ဝန်ထမ်းဦးရေ ရာနဲ့ချီပြီးအလုပ်ကနေ ရပ် ဆိုင်းခဲ့ရ ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆို သည်။

ယခင်က နေ့ည မပြတ် ထိန်ထိန်ငြီး သည့် လျှပ်စစ်မီးများ၊ ရွေးချယ်စရာ စုံလင်စွာဖြင့် စည်ကားခဲ့သည့် Duty Free အရောင်းဆိုင်များ၊ အမျိုးအမည် စုံလင် လှသည့် စားသောက်ဆိုင်များစွာဖြင့် စည်ကားလှပ ခမ်းနားခဲ့သည့် မြန်မာနိုင်ငံ ၏ အဓိက ဝင်ပေါက်ဖြစ်သည့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သည်  လက်ရှိအ ချိန်တွင်တော့ ညိုးငယ်သော အသွင် အပြင် ဖြင့် နိုင်ငံတကာမှ ခရီးသွားများလာရောက် မည့် အချိန်ကို မာန်တင်း၍ စောင့်ကြိုနေဆဲ ဖြစ်ပေတော့သည်။


Eleven

0 comments:

Post a Comment