Monday, December 26, 2022

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မဲခွဲဆုံးဖြတ်ချက်အပေါ် စင်ကာပူအစိုးရအနေနဲ့ ကြိုဆိုတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က “ မြန်မာရဲ့ အခြေအနေနှင့် ပတ်သက်သည့် ၎င်း၏ပထမဆုံး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုလက်ခံလိုက်တဲ့အတွက် ယင်းဆုံးဖြတ် ချက်အပေါ် စင်ကာပူနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က အာဆီယံ ဘုံ ၅ ချက် သဘောတူညီမှုကို အကောင်အထည်ဖော်ဖို့အတွက် ကုလလုံခြုံရေးကောင်စီရဲ့ ပံ့ပိုးကူညီမှုလည်း ဖြစ်စေတယ်။ စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အခြေအနေများနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေဆဲဖြစ်ပြီး မြန်မာရှိ သက်ဆိုင်သူ တွေအားလုံး အကြား ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားသော သက်ဆိုင်သူများနှင့် အနီးကပ် ဆက်လက်ဆောင်ရွက်သွားမည်” လို့ သူ့ရဲ့လူမှုကွန်ယက်မှ တစ်ဆင့်ပြော ကြားထားတာပါ။
မြန်မာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ကို ပြန် လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံက တင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ဥပဒေမူကြမ်းကို ကုလလုံခြုံရေးကောင်စီအနေဖြင့် နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်လိုက်တာဖြစ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ ရုရှား နဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲ နေခဲ့သော်လည်း ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အဆိုပါ မဲခွဲဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီ နိုင်ငံခြားရေဝန်ကြီးဌာနက မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး လုံခြုံရေးကောင်စီက ယခုကဲ့သို့ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ညီညွတ် ခြင်းမရှိဘူးလို့လည်း ဝေဖန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေကို ထိုင်းက အလွတ်သဘော ဖိတ်ခေါ်ဆွေးနွေးပွဲကို  စင်ကာပူ    တက်ရောက် ခြင်းမရှိပါဘူး။

MyanmaPlatform

0 comments:

Post a Comment