Tuesday, December 27, 2022

ထိုင်းကို တရားမဝင်သွားတဲ့ မြန်မာ ၃၅ ယောက်အပါအဝင် ၄၁ ယောက် အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅ ယောက်နဲ့ ထိုင်းလူပွဲစား ခြောက်ယောက် စုစုပေါင်း ၄၁ ယောက် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခရီခမ်ခရိုင်မှာ ကားနှစ်စီးကို မသင်္ကာလို့ ထိုင်းအာဏာပိုင်တွေက စစ်ဆေးခဲ့ရာမှာ မြန်မာလုပ်သားတွေ၊ ထိုင်းပွဲစားတွေနဲ့အတူ မြန်မာလုပ်သားတစ်ဦးဆီက နှစ်ကီလိုဂရမ်ရှိတဲ့ မူးယစ်ဆေးဝါးပါ ဖမ်းဆီးခံလိုက်ရတာလို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“တရားမဝင်နယ်စပ် ဖြတ်ကျော်လာတဲ့ မြန်မာ ၃၅ ယောက်ကို သူတို့ စီးနင်းလာတဲ့ ဟိုင်းလက်ကား နှစ်စီးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က မင်္သကာလို့ ရပ်တန့်စစ်ဆေးတာ အဲ့ဒီမှာ မြန်မာ ၃၅ ယောက်နဲ့ ထိုင်းလူပွဲစား ၆ ယောက်ဖမ်းမိတာပဲ။ အဲဒီမှာ သူတို့ကို ရှာဖွေလိုက်တဲ့အခါကျတော့ ထိုင်းဘတ်ငွေ ၂.၄ သန်း တန်ဖိုးရှိတဲ့ အိုက်စ် မူးယစ်ဆေးဝါး နှစ်ကီလိုဂရမ်ကိုပါ ပူးတွဲဖမ်းမိတာ။ အဲကြောင့် သူတို့တွေက တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုရော အမှုနှစ်မှုနဲ့ တရားစွဲခံရမှာပေါ့။ ဒါက ဖြစ်တောင့်ဖြစ်ခဲပါတယ်။”
မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ပတ်သက်လာပြီဖြစ်တာကြောင့် ထိုင်းနိုင်ငံကို အလုပ်လာလုပ်ဖို့ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သားတွေအတွက် သတိထားရတော့မယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
“မြန်မာနိုင်ငံသားတွေ မူးယစ်ဆေးဝါးသယ်လာတယ်ဆိုတာထက် လူမှောင်ခိုလူပွဲစားတွေရဲ့ လှည့်ကွက် ဗျူဟာမြောက် နည်းစနစ်ကျကျ လှည့်ကွက်အောက်မှာ ဒီမြန်မာလုပ်သား ၃၅ ယောက်ခံရတယ်လို့ ယူဆလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ အရင့် အရင်က ဒါမျိုးမရှိခဲ့ဘူး။ ဒါဘာပဲပြောပြော နောက်နောင် ထိုင်းနိုင်ငံကို အလုပ်လာလုပ်ဖို့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်မဲ့လူတွေ သတိကြီးကြီး ထားကြရတော့မှာပေါ့”
ဖမ်းခံလိုက်ရသူတွေထဲမှာ မြန်မာလုပ်သား အမျိုးသား ၂၇ ယောက်၊ အမျိုးသမီး ရှစ်ယောက်နဲ့ လူပွဲစားတွေ ဖြစ်တဲ့ ထိုင်းနိုင်ငံသား ခြောက်ယောက်တို့ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲခံရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေ ပြောပြချက်အရ ပွဲစားကို ဘတ်ငွေ နှစ်ေသောင်းပေးခဲ့ရပြီး သူတို့တွေဟာ ရန်ကုန်၊ ရခိုင်နဲ့ ထားဝယ်တို့ကနေ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလအတွင်း နယ်စပ်ကနေ တရားမဝင် ဝင်လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀၀ လောက်ရှိပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်က သတင်းမထုတ်ပြန်ဘဲ ဖမ်းဆီးခံရသူတွေ အရေအတွက်က ဒီ့ထက် ပိုများတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ ဒီအထဲမှာ လူပွဲစား ၃၁ ယောက်လည်း ပါတယ်လို့ ဆိုပါတယ်။

RFA

0 comments:

Post a Comment