Monday, December 26, 2022

ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ် တက်ရောက်၊ ‌သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေး

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သလို သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

NUG ဝန်ကြီးချုပ်က တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ သံခင်းတမန်ခင်း ချိတ်ဆက် ထားနိုင်မှု၊ တိုင်းရင်းသားမဟာမိတ်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းပြီး စစ်ဆင်ရေး ဆောင်ရွက်ထားနိုင်တာတွေကို ပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်တွေကို ရှင်းပြခဲ့တယ်လို့ NUG ကာကွယ်ရေး ဌာန သတင်းထုတ်ပြန်လာတာပါ။

အဲဒီစစ်သင်တန်းဆင်းပွဲမှာ လွှဲပြောင်းပေးခဲ့တဲ့ သေနတ်အလက် ၅၀ ကတော့ တောင်ပိုင်းစစ်ဒေသကို ပေးမယ့်လက်နက်တွေထဲကဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီတပ်ကို ခုခံဖို့ ပြည်သူ့ခုခံကာကွယ်တွန်းလှန်စစ်ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို မြန်မာလူထုရဲ့ အလှူငွေတွေနဲ့သာ ဖွဲ့စည်းထောက်ပံ့နေပြီး ပြည်ပနိုင်ငံတွေရဲ့အကူအညီ မရထားသေးဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ်အစောပိုင်းက ပြောဆိုထားပါတယ်။





BBC

0 comments:

Post a Comment