Thursday, December 15, 2022

MSME လုပ်ငန်းများအတွက် ချေးငွေအမျိုးအစားအလိုက် အများဆုံး ကျပ်သန်း ၃၀၀ မှ သန်း ၅၀၀ အထိ ပြည်တွင်းဘဏ် ၁၁ ဘဏ်မှ ချေးငွေလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်

MSME လုပ်ငန်းများအတွက် ချေးငွေအမျိုးအစားအလိုက် အများဆုံး ကျပ်သန်း ၃၀၀ မှသန်း ၅၀၀ အထိ ပြည်တွင်းဘဏ် ၁၁ ဘဏ်မှ ချေးငွေလျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းကော်မတီက ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေးတို့အတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီးများရရှိစေရန် MSME ချေးငွေများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိပါသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ ချေးငွေအမျိုးအစားများကို သက် ဆိုင်ရာဘဏ်များသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

JICA Two-Step Loan ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့တွင် ချေးယူနိုင်ကြောင်း သိရသည်။

အဆိုပါချေးငွေများအတွက် ချေးငွေသက်တမ်းအနေဖြင့် အများဆုံးငါးနှစ်သတ်မှတ်ထားပြီး ချေးငွေပမာဏအနေဖြင့် အများ ဆုံးကျပ်သန်း ၅၀၀ အထိချေးယူနိုင်ကာ အတိုးနှုန်းအနေဖြင့် မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့် ချေးယူလျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့့ချေးငွေ ချေးယူလျှင် ခြောက်ရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းကြားအထိ ရှိကြောင်းသိရသည်။ အပေါင်ပစ္စည်းအဖြစ်မြေနှင့် မြေပေါ်ရှိအဆောက် အဦစသည့် မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ CGI အာမခံတို့ဖြစ်သည်။

SMIDB (MSME)ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေသက်တမ်းအများဆုံး ငါးနှစ်၊ ချေးငွေပမာဏအများဆုံး ကျပ် သန်း ၃၀၀၊  အတိုးနှုန်းအနေဖြင့် မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင် ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင် ခုနစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်း၊ အပေါင်ပစ္စည်းတွင် စက်ပစ္စည်းအာမခံဖြင့် ချေးယူလျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ အပေါင်ပစ္စည်းအဖြစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်း (မြေနှင့်မြေပေါ်ရှိအဆောက်အဦ)၊ CGI အာမခံ၊ စက်ပစ္စည်းတို့ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ်များအနက် SMIDB (MSME)ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၄၅၆ ဦးသို့ ချေးငွေကျပ် ၂၀၆၃၈ သန်း၊  JICA Two-Step Loan(MSME)ချေးငွေ အစီ အစဉ်မှ လုပ်ငန်းရှင် ၂၀၄၅ ဦးသို့ ချေးငွေ ကျပ် ၃၆၄၅၃၄ ဒသမ ၁၈ သန်းနှင့် MEB (MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၃၄၂ ဦးသို့ ချေးငွေကျပ် ၂၅၉ရရသန်း ထုတ်ချေးပြီးဖြစ်ကြောင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။


Eleven

0 comments:

Post a Comment