Sunday, December 18, 2022

ကမ္ဘာ့ဖလား ဗိုလ်လုပွဲရှုံးနိမ့်မှုကြောင့် ပြင်သစ်အသင်း ပရိသတ်များ ဆူပူသောင်းကျန်း၍ မျက်ရည်ယိုဗုံး​ဖြင့် ​ပစ်ခတ်နှိမ်နင်းခံရ

ကာတာနိုင်ငံတွင် ဒီဇင်ဘာ ၁၈ ရက် ညက ကျင်းပခဲ့သော ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပိုမိနစ် ၃၀ အထိ သုံးဂိုးစီသရေကျခဲ့ပြီးနောက် ပယ်နယ်တီအဆုံးအဖြတ်တွင် လေးဂိုး-နှစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရပြီးနောက် ပြင်သစ်နိုင်ငံမြို့ကြီးများဖြစ်သော ပါရီ၊ လိုင်ယွန်နှင့်နိုက်စ် တို့တွင် ပြင်သစ်ပရိသတ်များ၏ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပါရီမြို့ရှိ လမ်းများတွင် လက်နက်ကိုင်ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများဖြင့် ဆူပူသောင်းကျန်းမှုများပြုလုပ်နေသည့် လူအုပ်ကြီးကို ပစ်ခတ် နှိမ်နင်းခဲ့ကြရသည်။
လိုင်ယွန်မြို့တွင်လည်း အဓိကရုဏ်းနှိမ်နင်းရေးရဲများက မျက်ရည်ယိုဗုံးများဖြင့် လူအုပ်ကြီးများကို ပစ်ခတ်လူစုခွဲခဲ့ရသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပြင်သစ်နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ခန့် လုံခြုံရေးအာမခံနိုင်ရန်စောင့်ရှောက်လျက်ရှိကြကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောခဲ့သည်။
တစ်ဖက်တွင်လည်း အာဂျင်တီးနားပရိသတ် ထောင်ပေါင်းများစွာက ၎င်းတို့အသင်းဗိုလ်လုပွဲအနိုင်ရရှိမှုအတွက် ဗျူနိုအေရီးစ် မြို့တော်လမ်းများပေါ်တွင် အောင်ပွဲခံလျက်ရှိကြသည်။ အာဂျင်တီးနားအသင်းအတွက် ၁၉၈၆ ခုနှစ်မှစ၍ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံကို ပြန်လည်ရရှိခြင်းဖြစ်သည်။ အလားတူ အခြားသောကမ္ဘာ့နိုင်ငံများ၏မြို့ကြီးများတွင်လည်းအာဂျင်တီးနားပရိသတ်အများအပြားက အောင်ပွဲခံလျက်ရှိကြကြောင်းသိရသည်။




Ref , Daily Mail.com
ပုံစာ။ ဆူပူသောင်းကျန်းနေသော ပြင်သစ်ပရိသတ်များ
နှင့် အောင်ပွဲခံနေသော အာဂျင်တီးနားပရိသတ်များ

0 comments:

Post a Comment