Thursday, December 15, 2022

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ် ၁၀ ဘီလျံကို ခွင့်ပြုထားပြီး ၎င်းငွေကို ပြည်ထောင်စုသို့ပြန်လည်ပေးဆပ်ရန်မလိုဘဲ ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလျံကို ခွင့်ပြုထားပြီး ၎င်းငွေကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ရခိုင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်သည့်  (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းရေးသားပြောကြားထားခြင်းဖြစ်သည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် သည် သဘာဝပထဝီဝင် အနေအထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အခြားဒေသများနှင့်နှိုင်းစာလျှင် ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေး၊ တိုင်းရင်းသားရေးများအရ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများကိုလည်း အကောင်းဆုံးကျော်လွှားပြီး ဖြေရှင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်အဆက်ဆက်အစိုးရများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ကို အခြားဒေသများထက် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ မကျန်ရစ်နေစေရန် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးချင်းဒေသများသို့ အချိန်မရွေး ကူးလူးသွားလာ ဆက်ဆံနိုင်သဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေခဲ့ကြောင်း နစကဥက္ကဋ္ဌက သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် လူမှုစီးပွားဘဝမြှင့်တင်မှုများ ဆောင်ရွက်ရာတွင် ကျေးလက်နှင့်မြို့ပြ ကွာခြားချက်များ အနည်းဆုံးဖြစ်လာစေရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ရေလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလျံကို ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အဆိုပါငွေကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ရခိုင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသခံများ၏ ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရသော ကူးစက်မြန်ကမ္ဘာ့ကပ် ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံး၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမွီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်တိုင်းရင်းသားများသည် မြန်မာ၊ ချင်း စသည့်တိုင်းရင်းသားများနှင့် အတူယှဉ်တွဲနေထိုင်လျက် ရှိကြကြောင်း၊ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးတို့ပေါ်တွင် မှီတည်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။


Eleven

0 comments:

Post a Comment