Monday, December 26, 2022

အမျိုးသမီးဝန်ထမ်းများ ထုတ်ပယ်ရမည်ဟူသောအချက်ကိုဆွေးနွေးရန် ကုလအရာရှိများနှင့်အင်န်ဂျီအိုခေါင်းဆောင်များတွေ့ဆုံမည်

အမျိုးသမီးဝန်ထမ်းများ မထားရှိရဟူသောအမိန့်ကြောင့် ကုလထိပ်တန်းအရာရှိများနှင့် အာဖဂန်အတွင်းလုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် အင်န်ဂျီအိုများမှခေါင်းဆောင်များသည် ကဘူးလ်မြို့၌ တနင်္ဂနွေနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
တာလီဘန်များက ထုတ်ပြန်သောအမိန့်သည် သန်းနှင့်ချီသောအကူအညီများကို မှီခိုနေရသောနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုရှိကြောင်း အစိုးရများနှင့်အဖွဲ့အစည်းများက သတိပေးမှုများပြုလုပ်ခဲ့ပြီး နိုင်ငံတကာ၏ပြစ်တင်ရှုံ့ချမှုများလည်းဖြစ်ပေါ်စေခဲ့သည်။
ယခုအမိန့်သည် အာဖဂန်အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့်ပိတ်ပင်လိုက်ပြီး မကြာမီပင်ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုအမိန့်အားမလိုက်နာပါက လုပ်ငန်းလိုင်စင်သိမ်းမည်ဟုလည်း စီးပွားရေးဝန်ကြီးဌာနကခြိမ်းခြောက်ခဲ့သေးသည်။
အင်န်ဂျီအိုများအား လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော အဆိုပါဝန်ကြီးဌာနသည် ၎င်းတို့အနေဖြင့် အင်န်ဂျီအိုလုပ်ငန်းမှဝန်ထမ်းအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုသည် အစ္စလာမ်ယဉ်ကျေးမှုနှင့်မကိုက်ညီကြောင်း တိုင်ကြားချက်အမြောက်အမြားလက်ခံရရှိထားသည်ဟုလည်းပြောကြားခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့သည်လည်း ယခုပြဿနာအားမည်သို့ဖြေရှင်းမည်ကိုဆွေးနွေးရန်အစည်း အဝေးတစ်ခုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့သည်။အဆိုပါအစည်းအဝေး၌ တာလီဘန်များ၏အမိန့်အတိုင်း အထောက်အကူလုပ်ငန်းအားလုံးကိုရပ်မရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အဆိုပါပိတ်ပင်မှုသည် သန်းနှင့်ချီသောလူပေါင်းများစွာအတွက် အရေးကြီးသောအသက်ကယ်အကူအညီများကို နှောက်ယှက်နိုင်မည်ဖြစ်သောကြောင့် အာဖဂန်များအတွက် "ဆိုးဆိုးရွားရွား" ဖြစ်လိမ့်မည်ဟုလည်းပြောကြားခဲ့သည်။
Source : AFP
Popular

0 comments:

Post a Comment