Monday, December 26, 2022

ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက် ပြန်ဝယ်နေရတယ်လို့ ရွှေအသင်းပြော

ပြည်တွင်း ရွှေဈေးကွက်ထဲ ရွှေ အဝယ်နည်းပြီး အရောင်းများလို့ ရွှေဆိုင်တချို့ တစ်နေ့ ရွှေ ၅ ပိဿာလောက်ပြန်ဝယ်နေရတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။

“ခရစ်စမတ်ပိတ်ရက် နှစ်သစ်ကူးပိတ်ရက်တွေရှိတော့ ခရီးထွက်ကြတော့ ဈေးကွက်မှာအရောင်းအဝယ်အေးတယ်။ ပြည်တွင်းရွှေဈေးက ဒီအတိုင်းသွားနေမှာပဲ ကမ္ဘာ့ရွှေဈေးတက်လည်း သိပ်မတက်တော့ဘူး။ ကျလည်းသိပ်မကျတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက သယ်ယူစရိတ် ထုတ်လုပ်စရိတ်တွေများနေတာ အရင်တုန်းက တနိုင်းမှာ ဒီဇယ်တစ်ပီပါကို နှစ်သိန်းပဲရှိတယ် အခု ၁၀ သိန်း ၁၂ သိန်းဖြစ်နေတုန်းဆိုတော့ ကမ္ဘာ့ဈေးအတက်အကျနဲ့မလိုက်နိုင်တော့ဘူး။ နောင်နှစ်လောက်ထိက ဒီဈေးလောက်ထိသွားမယ်လို့ သုံးသပ်ရတာပဲ။ ရွှေက ဒီမှာဝယ်နိုင်တဲ့သူသိပ်မရှိတော့ဘူး။ ဈေးကွက်ထဲမှာ အရောင်းများတယ် တချို့ဆိုင်တွေဆို တစ်နေ့ ၅ ပိသာလောက်ပြန်ဝယ်ရတယ်။ ပြည်ပနဲ့ချိတ်ဆက်ရောင်းဝယ်ဖို့ကလည်းအခုက ကမ္ဘာ့ရွှေဈေးက မငြိမ်တော့ ပြည်ပကုမ္ပဏီတွေက အဝယ်လည်းမလာကြဘူး၊ ဒီကလည်း မရောင်းရဲဘူးဖြစ်နေတယ်”လို့ ဦးမျိုးမြင့်ကပြောပါတယ်။

ဒီနေ့ပြည်တွင်းဈေးကွက်ထဲ ၁၆ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာရှိနေပြီး နံနက် ၁၁ နာရီခွဲဈေးအရ ၁၆ပဲရည်တစ်ကျပ်သားကို ၂၆၉၀၀၀၀ ကျပ်နဲ့ရောင်းကာ ၂၆၆၅၀၀၀ ကျပ် ပြန်ဝယ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ ရွှေရည်ညွှန်းအဖွင့်ဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၂၁၁၈၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၇၉၈ ဒေါ်လာမှာရှိကာ ပြီးခဲ့တဲ့အပတ်ဈေးကွက်မပိတ်ခင်ဈေးနဲ့ အပြောင်းအလဲမရှိထုတ်ပြန်ထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment