Thursday, December 15, 2022

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ကူညီဖို့အချက်ပါဝင်တဲ့ NDAA ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုးဖို့သာ ကျန်ရှိ

အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းအမေရိကန်အထက်လွှတ်တော်အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းက ရေးပါတယ်။
ဒီမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က ဒီဇင်ဘာ ၁၆ ရက်မှာ ထောက်ခံမဲ ၈၃ မဲ ၊ ကန့်ကွက်မဲ ၁၁မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး အခုအခါ လွှတ်တော်နှစ်ရပ် အတည်ပြုပြီးဖြစ်လို့ ဥပဒေအဖြစ် သမ္မတ ဂျိုးဘိုင်ဒန်အတည်ပြုဖို့သာ ကျန်ရှိပါတော့တယ်။
ဒီဥပဒေထဲမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ နှစ်စဉ် အသေအချာ ဆွေးနွေးလေ့ရှိတဲ့၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ မူကြမ်း (Bill of National Defense Authorization Act - NDAA) က ဥပဒေ အဖြစ် အတည်ဖြစ်လာပြီဆိုရင် ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။
ဒီ NDAA ဥပဒေ မူကြမ်းထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို စတင်ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောကြားထားပါတယ်။
ဒါ့အပြင် “စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ လူအခွင့်အ‌ရေး ချိုးဖောက် ခဲ့ကြသူတွေနဲ့ စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဆောင်ရွက်သွားဖို့ ဒီဥပဒေက အခွင့်အာဏာ ပေးထားတယ်” လို့လည်း မစ္စတာ မိခ်က ပြောပါတယ်။
ဒီဥပဒေပါအချက်တွေအပေါ် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ KNUက ကြိုဆိုလိုက်ပြီး ဒါဟာ ရှေ့တစ်လှမ်းတိုးတဲ့အနေအထားလို့ ဘီဘီစီကိုပြောကြားထားပါတယ်။
အရင်က မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးဖို ရန်ပုံငွေတောင်းတာမျိုးတွေသာ ထည့်သွင်းလေ့ရှိတဲ့ အမေရိကန် လွှတ်တော်ရဲ့ ဒီလို ဥပဒေမူကြမ်းမှာ အခုတော့ လက်နက်မဟုတ်တဲ့ အကူအညီကို ခုခံဆန့်ကျင်ရေး အင်အားစုတွေကို ပေးဖို့အထိ တောင်းဆိုလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမေရိကန်ရဲ့ ခြေလှမ်းက အကြမ်းဖက်မှုတွေကို အားပေးဖို့ လုပ်တာလို့ ဘီဘီစီကို ပြောကြားထားပါတယ်။

ဓာတ်ပုံ-ရိုက်တာ
BBC

0 comments:

Post a Comment