Sunday, December 18, 2022

၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှုဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူဦးရေ ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူပြောကြား

၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှုဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူဦးရေ ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်ကပြောကြားသည်။

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT) ၏ (၅)ကြိမ်မြောက်ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေးခန်းမ (၁)၌ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ COMMIT အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ COMMIT အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်သည့် ထိုင်းနိုင်ငံက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများက ၂၀၂၀-၂၀၂၁ ကာလအတွင်း မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက် (SPA IV) အကောင်အထည်ဖော်မှု၊ မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက် (SPA IV) အကောင်အထည်ဖော်ခြင်း၏သက်ရောက်မှုများ၊ ရရှိခဲ့သောသင်ခန်းစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ဆက်စပ်၍ လူကုန်ကူးခံရနိုင်ခြေ အန္တရာယ်အများဆုံးရှိသော လူမှုအသိုင်းအဝိုင်းဖြစ်သည့် အခြေခံလူတန်းစားများ၊ လက်လုပ်လက်စားများ၊ လမ်းပေါ်နေထိုင်သူများ၊ လမ်းပျော်များ၊ ဆယ်ကျော်သက် ကျား/မ လူငယ်လူရွယ်များကို ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းနှင့်ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှုဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့်ကျူးလွန်ခံရနိုင် ခြေရှိသူကျား ၄၆၈ ဦး၊ မ ၃၇၂ ဦး၊ စုစု ပေါင်း ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း မြန်မာရွေ့ပြောင်းလုပ်သားများသည် နိုင်ငံရပ်ခြားသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ကျင့်ဝတ်နှင့်ညီသည့် လုပ်သားစုဆောင်းမှုများဖြစ်စေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လုပ်သားများ ပြန်လည်ထွက်ခွာရာတွင် တရားဝင်ဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး ဆိုက်ရောက်ရာ နိုင်ငံများ၏အစိုးရများနှင့် အလုပ်ရှင်များ အနေဖြင့်လည်း လုပ်သားအခွင့်အရေးများ ပြည့်ဝစွာရရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် တိုက်တွန်းလိုကြောင်း ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံနေရသည့် မြန်မာနိုင်ငံသားများကို ဆိုက်ရောက်နိုင်ငံများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ (နစ်နာကြေး/ လျော်ကြေးလုပ်ခလစာ/ထောက်ပံ့ကြေး) ရရှိရေးဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် တတိယသုံးလပတ်ကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ခြောက်ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၂၅ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ အောင်မြင်မှုသည် COMMIT အဖွဲ့ဝင် နိုင်ငံ များအကြားတွင် ကောင်းမွန်သည့် မိတ်ဖက် ဆက်ဆံရေး၏ရလဒ်ကြောင့်ပင်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသားများအတွက် အဘက် ဘက်မှ ကူညီ ဆောင်ရွက်ပေးခဲ့သည့် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ၎င်းကပြောကြားသည်။

ထို့အတူ လူကုန်ကူးသူများက Social Media အသုံးပြု၍ လိမ်လည်စုဆောင်းသည့် အန္တရာယ်များဖြစ်ပေါ်လာသဖြင့် ကျူးလွန် သည့်မှုခင်းများကို စုံစမ်းဖော်ထုတ်နိုင်ရန် နည်းပညာဆိုင်ရာ အထောက်အကူပစ္စည်း များ အပြန်အလှန်ဖလှယ်ခြင်း၊ နိုင်ငံအသီးသီး၏ မတူကွဲပြားသော လူကုန်ကူးမှုဥပဒေများ နှင့်ပြည်တွင်းတည်ဆဲဥပဒေများ၊ တရားခံများ၏ ပြောင်းလဲအသုံးပြုလာသည့် ကျူးလွန်ပုံ ကျူးလွန်နည်းများနှင် ့နည်းပညာတိုးတက်မှုတို့ကြောင့် မှုခင်းများစုံစမ်းဖော်ထုတ်ရန် ခက်ခဲခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်း လမ်းများဖော်ထုတ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသော လူကုန်ကူးမှုများလျော့ပါးစေရေးအတွက် မှန်ကန်သော အလုပ်သမား စုဆောင်းမှုများ ပိုမိုအားကောင်းစေရေးတိုးမြှင့်‌ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ရန် အကြုံ ပြုဆွေးနွေးလိုကြောင်း ရဲမှူးချုပ်ကဆိုသည်။

ထို့နောက် ကဏ္ဍစုံချဉ်းကပ်ဆောင်ရွက်ခြင်းဖြင့် မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက်၏ရည်မှန်းချက်များအပေါ် အောင်မြင်စွာဆောင်ရွက်နိုင်မှုများ၊ နိုင်ငံဖြတ်ကျော် လွှဲပြောင်းညွှန်းပို့မှုယန္တရား (tTRM) ဖွံ့ဖြိုးမှု တိုးတက်မှု၊ မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက်(SPA V) ရေးဆွဲဖော်ထုတ်ရေးတို့နှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြောင်း သိရသည်။


Eleven

0 comments:

Post a Comment