Wednesday, January 11, 2023

၂၀၂၂ ခုနှစ်အတွင်း ပြောင်းလဲခဲ့သည့် အတက်ကြမ်းကြမ်း ကုန်ဈေးနှုန်းများ

မြန်မာ့စီးပွားရေသည် ပြည်တွင်းပြည်ပဖိအားများကြောင့် ပြန်လည်နာလန်ထူနိုင်ရန် နှောင့်နှေးလျက်ရှိနေဆဲဖြစ်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားကြသည်။
၂၀၂၁ ခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားမှုများနှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ကြရပြီး ကုမ္ပဏီလုပ်ငန်းတချို့မှာ ပိတ်သိမ်းခဲ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်းများထံမှသိရသည်။
ထိုသို့ မြန်မာစီးပွားရေးအထိနာနေသည့်အချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများမှာလည်း မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာခဲ့ကြသည်။
၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ပြောင်းလဲခဲ့သည့် ရွှေဈေး၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေး၊ အိမ်ခြံမြေဈေးနှုန်းများမှာ မြန်မာပြည်သူများအတွက် မကြုံစဖူးကုန်ဈေးနှုန်းများအဖြစ် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ထို့အတူ အခြေခံစားသောက်ကုန်များမှာလည်း အဆမတန်မြင့်တက်ခဲ့သည်။
စီးပွားရေးပြန်လည်ဦးမော့လာမှု သိသိသာသာမရှိခြင်းနှင့်အတူ အိမ်ထောင်စုဝင်ငွေလျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ခုသာခံသာဖြစ်စေမည့် နည်းလမ်းများနည်းလာခြင်း၊ ပြည်တွင်းပဋိပက္ခကြောင့် ပိုမို ဆင်းရဲတွင်းနက်လာခြင်းဟူသည့် အကြောင်းအချက်များသည် မြန်မာနိုင်ငံပြည်သူပြည်သားများ၏ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှုစွမ်းအားကို ဆက်လက်စိန်ခေါ်လျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု စစ်တမ်းများတွင် ဖော်ပြထားသည်။
◾
ရင်းနှီးမြှုပ်နှံမှုများထွက်ခွာခြင်း
စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် ပြင်သစ်နိုင်ငံမှ Total Energies နှင့် အမေရိကန်မှ Chevron တို့မှာ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင်ကြေညာခဲ့သည်။
သြစတြေးလျအခြေစိုက် Woodside Petroleum ရေနံကုမ္ပဏီသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်းကြေညာခဲ့ပြီး မလေးရှားနိုင်ငံမှ Petronas ရေနံကုမ္ပဏီသည်လည်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန်သဘာဝဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင်ကြေညာခဲ့သည်။
လေယာဉ်ဆီနှင့် အခြားစက်သုံးဆီတင်သွင်းရောင်းချမှုဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Trafigura Group ၏ Puma စွမ်းအင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာများကိုရောင်းချပြီး မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။
အော်ရီဒူးမြန်မာ ဆက်သွယ်ရေးလုပ်ငန်းသည် စင်ကာပူအခြေစိုက် Nine Communication ထံ အပြီးသတ်ရောင်းချရန် နှစ်ဖက်သဘောတူပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင်ကြေညာခဲ့သည်။
ထိုပြင် ကမ္ဘာ့ဘဏ်အုပ်စု၏ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)သည် ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားရာမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။
ထိုသို့ရင်းနှီးမြှုပ်နှံမှုများနုတ်ထွက်ခဲ့ခြင်းကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တဖြည်းဖြည်း လျော့ကျလာနိုင်ကြောင်း၊ သို့သော် အာရှနိုင်ငံများအပါအဝင် နိုင်ငံတချို့၏ ရင်းနှီးမြှုပ်နှံမှုများမှာမူ ဆက်လက်ဝင်ရောက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
◾
စက်သုံးဆီစျေး ကြီးမြင့်လာခြင်း
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်၊ ရန်ကုန်မြို့တွင် စက်သုံးဆီလက်လီ ဈေးနှုန်းမှာ 92 တစ်လီတာလျှင် ၂၆၀၅ ကျပ် ၊ 95 တစ်လီတာလျှင် ၂၆၇၀ ကျပ် ၊ HSD (500 ppm) တစ်လီတာလျှင် ၃၂၄၅ ကျပ်၊ HSD (50 ppm) တစ်လီတာလျှင် ၃၃၃၀ ကျပ်နှင့် HSD (10 ppm) တစ်လီတာလျှင် ၃၃၃၀ ကျပ်ထိ မြင့်တက်ခဲ့သည်။ စက်သုံးဆီ ဈေးနှုန်း မြင့်တက်ခဲ့မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများမှာ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများဖြစ်ခဲ့ရပြီး၊ အခြေခံကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ရသည့်အတွက် ပြည်သူလူထု၏ စားဝတ်နေရေးမှာလည်း ကျပ်တည်းခဲ့သည်။
စက်သုံးဆီဈေးကြီးမြင့်မှုကြောင့် အခြေခံကုန်ဈေးနှုန်း မြင့်တက်လာမှုကို သက်သာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၃၁ ရက်တွင် ကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းလာခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၂၀၃၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။
◾
ဒေါ်လာဈေးများက မိုးပေါ်တက်
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်တွင် ဗဟိုဘဏ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် ဈေးသတ်မှတ်သော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၅၀ ဝန်းကျင်မှ ၄၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်ခဲ့သည်။
ငွေလဲနှုန်းများမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ဒေါ်လာရောင်းဈေး ၃၅၅၀ ကျပ်၊ ဝယ်ဈေး ၃၃၅၀ ကျပ်၊ စက်တင်ဘာ ၇ ရက်တွင် ဒေါ်လာရောင်းဈေး ၃၆၀ဝ ကျပ်၊ ဝယ်ဈေး ၃၄၀ဝ ကျပ်၊ စက်တင်ဘာ ၈ ရက်တွင်ရောင်းဈေး ၃၆၀ဝ ကျပ်၊ ဝယ်ဈေး ၃၄၅၀ ကျပ်ရှိခဲ့သည်။
ငွေလဲနှုန်းမြင့်တက်ခဲ့မှုများကြောင့် သွင်းကုန်ပစ္စည်းများ အဆမတန်ဈေးနှုန်းမြင့်မားခဲ့ပြီး၊ အခြေခံ စားသောက်ကုန်များလည်း ဈေးနှုန်းနှစ်ဆခန့်မြင့်တက်ခဲ့သည်။
ထိုအတူ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာခြင်း၊ ဒေါ်လာဈေးမြင့်တက်မှုကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဆောင်လုပ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ အစားအစာဈေးနှုန်းများ မြင့်တက်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ငွေလဲဈေးနှုန်းတည်ငြိမ်ခဲ့ပြီး၊ ပြင်ပဈေးကွက်တွင် ရောင်းဈေးကျပ် ၂၈၃၀၊ ဝယ်ဈေး ၂၈၅၀ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည့်အတွက် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခဲ့သည်ဟု စီးပွားရေးလုပ်ငန်းရှင်များထံမှသိရသည်။
◾
အိမ်ခြံမြေစျေး ပြည်သူနဲ့ အလှမ်းဝေး
၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းစပြီး အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ကောင်းခဲ့သည်ဟု အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်လုပ်ကိုင်သူများကပြောသည်။ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးနောက်တွင် အိမ်ခြံမြေတိုက်ခန်းဈေးကွက်မှာ အဝယ်မရှိတော့ဘဲ ရပ်တန့်ခဲ့ရကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ အိမ်ခြံမြေတိုက်ခန်းဈေးကွက်တွင် သိန်းသောင်းဂဏန်းမှ သိန်းရာဂဏန်းအထိ အိမ်ခြံမြေဝယ်ယူသူများမှာ သိသိသာသာလျော့နည်းသွားပြီး၊ သိန်းရာဂဏန်းမှ သိန်းထောင်ဂဏန်း ဝန်းကျင်ရှိ အိမ်ခြံမြေ တိုက်ခန်းအနည်းသာ အရောင်းအဝယ်ဖြစ်နေကြာင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
လက်ရှိအိမ်ခြံမြေဈေးကွက်မှာ အဝယ်အေးနေသော်လည်း ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ပြည်သူလူထုမှာ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေသည့်သဘောရှိကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများကသုံးသပ်ထားကြသည်။
◾
မရှိဝမ်းစာ၊ ရှိတန်ဆာ ရွှေဈေးနှုန်းများ
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၁၈၀၀၀၀၀ ကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၀ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ်၂၀၃၂၀၀၀ သတ်မှတ်ခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
စံချိန်တင်ဈေးနှုန်းအနေဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆၀၀၀၀၀ သိန်းသို့ရောက်ရှိခဲ့ပြီး၊ သြဂုတ် ၃၁ ရက်တွင် ကျပ် ၃၆၀၀၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင်လည်း အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး၊ ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့်ဈေးပိတ်ခဲ့ရသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရွှေဈေးနှုန်းပြန်လည်တည်ငြိမ်လာခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်နေ့ ရွှေအပိတ်ဈေးမှာ ကျပ်၂၁၄၇၅၀၀ ဖြင့်ဈေးပိတ်ခဲ့ပြီး ပြင်ပပေါက်ဈေးတွင် ကျပ်၂၇၀၁၀၀၀ ပေါက်ဈေးရှိခဲ့သည်။
ရွှေဈေးနှုန်းတည်ငြိမ်ရခြင်းသည် ရွှေဈေးကွက်တွင် ဈေးကစားသူများမရှိတော့ခြင်း၊ ငွေကြေးခဝါချမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခြင်း၊ ရွှေတွင်းများမှ ရွှေများပြန်ထွက်လာခြင်းများကြောင့် ရွှေဈေးနှုန်းမှာ ဆက်လက်တည်ငြိမ်နေမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များကသုံးသပ်သည်။
၂၀၂၁ ခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားမှုများအပါအဝင် နိုင်ငံရေးဖြစ်စဉ်များကြောင့် မြန်မာစီးပွားရေး ကျဆင်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းတော်တော်များများမှာ ပြန်လည် လည်ပတ်လာနိုင်သည့်အတွက် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ်သည်။
၂၀၂၂ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာနိုင်သော်လည်း ပုံမှန်အခြေအနေတော့ ပြန်မရောက်သေးကြောင်း၊ အထူးသဖြင့် တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ရှိနေပြီး Import လုပ်ကိုင်သူများအတွက် ဈေးနှုန်းမြင့်နေသေးကြောင်း၊ ထို့ပြင် Import လိုင်စင်များကိုထိန်းချုပ်ထားခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများရှိနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များကထောက်ပြကြသည်။
မြန်မာစီးပွားရေးပြန်လည်ဖွံ့ဖြိုးလာစေရန် အဓိက Exchange Rate တည်ငြိမ်အောင်လုပ်ပေးရန်လိုပြီး၊ Import ပါမစ်များ လွယ်ကူစွာလျှောက်ခွင့်ပြုရေး စသည်တို့ကို ဖြေလျှော့ဆောင်ရွက်ပေးနိုင်ပါက စီးပွားရေးလုပ်ငန်းများပြန်လည် အစဉ်ပြေလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ်သည်။
သတင်းဆောင်းပါး၊ ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ်
The Standart Times

0 comments:

Post a Comment