Tuesday, January 17, 2023

‘၀’ နှင့် ကိုးကန့်ဒေသတို့တွင် အိမ်ထောင်စုလူဦးရေစာရင်း လေးထောင်ကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ် တစ်သောင်းကျော် ထုတ်ပေး

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောနှင့် နမ့်တစ်မြို့နယ်အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တို့တွင် အိမ်ထောင်စုလူဦးရေစာရင်း လေးထောင်ကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ် တစ်သောင်းကျော်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ‘၀’ အထူးဒေသ မိုင်းမောမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း ၉၇၅ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁,၅၈၈ ကတ်ကို သက်ဆိုင်ရာဒေသခံကိုယ်စားလှယ်များထံ ဇန်နဝါရီ ၁၅ ရက်က ပေးအပ်ခဲ့သည်။

ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ‘၀’ အထူးဒေသ နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း ၂,၉၄၁ စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၇,၇၁၅ ကတ်တို့ကိုလည်း ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း  ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် ၂၀၀ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂,၀၀၀ တို့ကို သက်ဆိုင်ရာဒေသခံကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အိမ်ထောင်စုလူ ဦးရေစာရင်း ၄၁၁၆ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁,၃၀၃ တို့ကို လဝက,က ပေးအပ်ခဲ့ခြင်းဖြစ်သည်။


Eleven

0 comments:

Post a Comment