Thursday, January 26, 2023

ကျိုက်ထိုတွင် PDF ခေါင်းဆောင်၏ ဦးလေးဖြစ်သူ ဒုလ္လဘရဟန်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံ၏ ဦးလေးအရင်းဖြစ်သော် လည်း စစ်ကောင်စီတပ်ကိုသတင်းပေးသူဟုကျော်ကြားသော သံဃာတော်တစ်ပါး ဇန်နဝါရီလ ၂၆ ရက်နေ့နံနက်က ဆွမ်းခံကြွနေစဉ် သေနတ်သမား၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူသွားသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာ ခအောင်းတောင်ဘုန်းကြီးကျောင်းမှ ဒုလ္လဘတစ်ပါး ဖြစ်သော ဦးဇင်း (ခ) ဦးခင်မောင်ဝင်းသည် နံနက် ၇ နာရီခန့်တွင် ဆွမ်းခံကြွနေစဉ် သေနတ်သမားက ပစ်ခတ်မှုကြောင့် ဝဲလက်မောင်းသို့ ကျည်နှစ်ချက်၊ ဝဲရင်အုံသို့ ကျည်နှစ်ချက်အပါအဝင် ကျည်ခြောက် ချက်ထိမှန်ခဲ့သဖြင့် ကျိုက်ထိုဆေးရုံတွင် ဆေးကုသမှုခံယူရာမှ ပဲခူးဆေးရုံသို့ပြောင်းအပြီး ညနေပိုင်း၌ ပျံလွန်တော်မူသွားခြင်းဖြစ်သည်။
လုပ်ကြံခံရသူဦးပဉ္ဇင်းမှာ ယခုလဆန်းပိုင်းက PDF များအဖမ်းခံရမှုတွင် သတင်းပေးခဲ့သူဖြစ်သည်ဟု ဒေသတွင်းသတင်းများထုတ်ပြန်ပေးနေသည့် Kyaikhto Information Team (KIT) က ရေးသားထား သည်။
၎င်းသည် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်က စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲရန်သွားသည့် PDF များ၏ သတင်းကိုသားဖြစ်သူထံမှတဆင့်သိကာ ရဲအားဖုန်းဆက်အကြောင်းကြားခဲ့ခြင်းကြောင့် PDF နှစ်ဦး ဖမ်း ဆီးခံခဲ့ရကြောင်း KIT က ဆိုသည်။
ဒုလ္လဘဝတ်သည်မှာ တစ်ပတ်ခန့်သာရှိသေးသော သက်တော်(၆၀)ရှိ ဦးပဉ္စင်းသည် ကျိုက်ထိုမြို့နယ်၏ ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သော KRF (Kyaikhto Revolution Force) အဖွဲ့တာဝန်ခံ ကိုအေးမင်းထွန်း ၏ ဦးလေးအရင်းဖြစ်သည်။
“ကျွန်တော့်အဖေရဲ့ညီအရင်းပါ။ ကျွန်တော်တို့နဲ့တော့ အာဏာသိမ်းပြီးကတည်းက အဆက်အစပ်မရှိ တော့ပါဘူး။ ဆက်စပ်တွေးကြည့်မယ်ဆိုရင် မနေ့က မုပ္ပလင်မှာဖြစ်သွားတဲ့ကိစ္စကနေ စမယ်ပေါ့နော်။ သူတို့(စစ်တပ်)ကင်းပုန်းချတဲ့နေရာမှာ ၄၀ မမ လို့ယူဆရတဲ့ လက်နက်ပေါက်ကွဲပြီး ပြည်သူတွေဒဏ်ရာ ရတယ်။ ဒါကို သူတို့က PDF တွေလုပ်တာပါဆိုပြီး သတင်းလွှင့်တယ်။ ဒီနေ့လည်း ဦးလေးဦးဇင်း ပစ်ခံရ တယ်။ ဒါဟာ သူတို့(စစ်တပ်)လုပ်တာပဲဖြစ်နိုင်မယ်။ ဘာလို့လဲဆို ပြည်သူတွေနဲ့ တော်လှန်ရေးသမား တွေကို သွေးခွဲချင်လို့ လို့ယူဆတယ်” ဟု ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။
“အခုကိစ္စမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလည်းမရှိပါဘူး” ဟု ၎င်းက ယတိ ပြတ် ငြင်းဆိုသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ် ၌ စစ်ကောင်စီတပ်စစ်သားအချင်းချင်းစကားများကြရာမှ စစ်သားတစ်ဦးက ၄၀ မမ လက်နက်အား ပစ်ခတ်ခဲ့ရာ မကွေးတိုင်းမှ ကျိုက်ထီးရိုးသို့ ဘုရာဖူးရန်လာသော Life Truck ကားတစ်စီးအားထိမှန်ခဲ့ကာ ကားပေါ်ပါပြည်သူတစ်ဦးပွဲချင်းပြီး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
မဇ္ဈိမ

0 comments:

Post a Comment