Sunday, January 8, 2023

ကော့သောင်းမြို့နယ် ကားဂိတ်တွင် ထားဝယ်သို့ ပို့မည့် သေနတ်နှင့်အတူ အမျိုးသား ၁ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ကားဂိတ်တစ်ခုတွင် ထားဝယ်သို့ ပို့ဆောင်မည့် ပစ္စတိုသေနတ် တစ်လက်အပါဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။
“ဖမ်းခံရတာ မှန်ပါတယ်။ PDF တွေဆီကို ပို့ဖို့အတွက် ပစ္စည်းလို့တော့ သိထားရပေမယ့် ဘယ်အဖွဲ့ကဆိုတာ ကျွန်တော်တို့ ပြောလို့မရသေးဘူး၊အဖမ်းခံရသူက ပစ္စည်းပို့သူလား PDF လားဆိုတာ စုံစမ်းလို့ မရသေးပါဘူး”ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ဆေးခံရသည့် ကားဂိတ်သည် ခရီးသည်များနှင့် ကုန်အတင်အချပြုလုပ်သည့် ကားဂိတ် အသေးဖြစ်ကြောင်း ဆိုသည်။
ကော့သောင်းမြို့ရှိ ကားဂိတ် တစ်ခုမှ ဇန်နဝါရီလ ၇ ရက်နေ့က ထားဝယ်သို့ ပို့ဆောင်ရန် လာရောက် အပ်နှံသော ပစ္စတိုသေနတ် တစ်လက်၊ ကျဉ် အတောင့် ၅၀ ၊ စကားပြောစက် ခြောက်လုံး အီကွေ့မန့်(Equipment)ဆက်စပ်ပစ္စည်း ခြောက်ခုနှင့် ယူနီဖောင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး ဖမ်းဆီးသိမ်းဆည်းသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ကားဂိတ်မှာ စစ်တပ်နဲ့ ရဲတွေ စစ်ဆေးနေတာ တွေ့ရပေမယ့် အနီးမသွားရဲဘူး ပြီးမှမေးကြည့်တော့ သေနတ်နဲ့ ဆက်စပ် ပစ္စည်းတွေ ဖမ်းဆီးရမိတာပြောတယ်”ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။
သေနတ်နှင့်အတူ ဖမ်းဆီးခံရသူမှာ လူလတ်ပိုင်း ဖြစ်သော်လည်း မည်သူမည်ဝါ ဆိုသည်ကိုမူ မဇ္ဈိမက အတည်ပြုရန် စုံစမ်းနေဆဲ ဖြစ်သည်။
အဆိုပါ ပစ္စည်းပါဆယ်ထုပ်ကို ထားဝယ်မြို့သို့ ပို့မည့် လိပ်စာအရ စစ်ကောင်စီတပ်ဖွဲ့က ယင်းနေအိမ်ကို ဝင်ရောက် စီးနင်းမှုများလည်း ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရခြင်း ရှိမရှိကိုမူ မသိရသေးပေ။
စာတည်း။ ။ဖူးသိမ်ကျ
Mizzima

0 comments:

Post a Comment