Sunday, January 8, 2023

ပြည်မြို့ နဝဒေးတံတားအောက် ချိန်းတွေ့နေသည့် သမီးရည်းစား ဓားဖြင့် ၁၁ ချက်ထိုးကာ လုယက်ခံရ

ပြည် – ရန်ကုန်လမ်းမပေါ် “နဝဒေးတံတားအောက်လမ်း”တွင် ဓားဖြင့်(၁၁)ချက်ထိုး၍ ဆိုင်ကယ်လု အကြမ်းဖက်မှုဖြစ်ပွားရာမှ ပြင်းထန်ဒဏ်ရာရလူနာအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီခန့်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း (ပြည်ခရိုင်) ပြည် – ရန်ကုန်လမ်းမပေါ် ပြည်မြို့ “နဝဒေးတံတားအောက်”တွင် ချိန်းတွေ့နေသော အသက် ၂၂ အရွယ်ရှိသူ တက္ကသိုလ်ကျောင်းသားနှင့် ရည်းစားဖြစ်သူတို့ရှိရာ နေရာသို့ ပစ္စည်းလုမည့် အမျိုးသား၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာကာ ဓားဖြင့်ဝင်ရောက်တိုက်ခိုက်၍ ဆိုင်ကယ်နှင့်ဖုန်းများ အကြမ်းဖက်လုယက်ခံရမှုဖြစ်ပွားပြီးနောက် ဒဏ်ရာများရနေသဖြင့် လမ်းသွားလာသူများမှ ဝိုင်းဝန်း၍ ပြည် – ရန်ကုန်လမ်းမပေါ်ရှိ ပြင်ပပုဂ္ဂလိဆေးရုံတစ်ခုသို့ ပို့ဆောင် ကူညီထားပေးခဲ့သည်။
သို့သော် ရဲမှုခင်းဖြစ်နေမှုကြောင့် ၎င်းပြင်ပပုဂ္ဂလိကဆေးရုံရှေ့မှလူနာအား အရေးပေါ်လာရောက်ကူညီပေးပါရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီသို့ အကြောင်းကြားသဖြင့် အချိန်နှင့်တစ်ပြေးညီ သွားရောက်ကာ ပြင်းထန်ထိခိုက်ဒဏ်ရာရလူနာ – အမျိုးသား (၁)ဦး ကျောကုန်း၊ နောက်စေ့၊ လက်မောင်း၊ ပခုံး၊ လည်ပင်း၊ ပေါင်တို့တွင် ထိုးသွင်းဒဏ်ရာ (၁၁)ချက်ဖြင့် သွေးထွက်လွန် / ပြတ်ရှဒဏ်ရာရလူနာနှင့် အမျိုးသမီး လက်သန်းပြတ်ရှဒဏ်ရာရ လူနာတို့အား သွေးထွက်မလွန်စေရန် မြေပြင်အရေးပေါ်ကုသမှုပြုပြီး သွေးထိန်းပတ်တီးစီးကာ လိုအပ်သည်များကို ပြုစုကူညီပေး၍ အသက်မှီစွာဖြင့် ဆေးကုသမှုခံယူရန်အတွက် ပြည်မြို့ – ကုတင် (၅၀၀)ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ နှင့် ပူးပေါင်းဆောင်ရွက်၍ ဆေးကုသမှုခံယူရန်အတွက် ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီမှ သိရသည်။
အဆိုပါဖြစ်စဥ်တွင် ဓားဖြင့် ၁၁ ချက်ထိုးခံရသူ အမျိုးသားမှာ ပြည်တက္ကသိုလ်၌ ဘူမိဗေဒဘာသာရပ်တက်ရောက်သင်ယူနေသည့် တတိယနှစ်ကျောင်းသားဖြစ်ပြီး အမျိုးသမီးငယ်မှာ ဓာတုဗေဒဘာသာရပ်သင်ယူနေသူ တက္ကသိုလ်ကျောင်းသူဖြစ်ပြီး လက်ရှိအခြေအနေတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမှ ကင်းလွတ်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

MT News

0 comments:

Post a Comment