Tuesday, January 17, 2023

ပြည်ပနိုင်ငံများတွင် ဒုက္ခသည်ခံယူရန်နှင့် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသူ မြန်မာ ၁ သန်းကျော် ရှိနေ

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ လူပေါင်း ၁၅၄၅၀၀၀ (၁ဒသမ၅သန်း)ကျော်အထိ မြင့်တက်လာခဲ့ပြီး အဆိုပါအရေအတွက်ထဲမှ ၁၂၁၅၀၀၀ (၁ ဒသမ ၂သန်း) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ညရက် ဖြစ်စဥ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့သူများဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR ၏ ဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင်အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှ ၂၀၂၂ ခုနှစ် ဇွန် ၃၀ အထိ မြန်မာနိုင်ငံသား ၁၀၈၆၀၀၀ (၁သန်း)ကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည် နှင့် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းခဲ့ကြောင်း UNHCR ကဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေခြင်းကြောင့် ဒေသခံများသည် အကာကွယ်ရယူနိုင်ရန် ကြိုးပမ်းနေရသလို
ဒေသခံများမှာ လူသစ်စုဆောင်းခံရခြင်း၊ ဓားပြတိုက်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းစသည့်အန္တရာယ်များကို တွေ့ကြုံနေရခြင်းကြောင့် အကာကွယ်ရယူနိုင်ရန် ကိုယ်ပိုင်အစီအစဉ်ဖြင့်လုပ်ဆောင်နေရသည်။
အဆိုပါဒေသခံများသည် အခြေခံလိုအပ်ချက်များရရှိရန် သက်မွေးဝမ်းကျောင်းပြုခွင့်မလုံလောက်ခြင်းကြောင့် အခြေနေများ ပိုမိုခက်ခဲရှုပ်ထွေးစေခဲ့ကြောင်းသိရသည်။
ထို့အတူ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်နေရာ နေရပ်စွန့်ခွာထွက်ပြေးမှုများဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခြင်းကြောင့် အစားစာလိုအပ်ချက်မြင့်တက်လာခဲ့သလို အခြေခံလိုအပ်သော ကုန်စည်များ ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်စေလျက်ရှိနေကြောင်း UNHCR ကဆိုသည်။
၂၀၂၂ခုနှစ်နိုဝင်ဘာ နောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ကြား အပစ်ခတ်ရပ်စဲမှုများ ရရှိခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ ချင်းပြည်တောင်ပိုင်းတို့သည် ရန်ကုန်မြို့နှင့် စစ်တွေမြို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ ဆက်သွယ်နိုင်ရန်အတွက် လမ်းများပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရာဇာဝတ်မှုမြင့်တက်လာပြီး မလုံခြုံမှုများဆက်လက်ရှိနေဆဲဖြစ်ကြောင်း UNHCR က ပြောသည်။

0 comments:

Post a Comment