Sunday, January 8, 2023

ပုသိမ်ထောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦး၏ဇနီး ဖမ်းဆီးခံရ

ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ စစ်တပ်က ရိုက်နှက်ခဲ့လို့ ဒဏ်ရာရခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းက နေအိမ်မှာ စစ်ကောင်စီ တပ်က လာဖမ်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့  ၃ ရပ်ကွက်၊ နန္ဒာဝန်လမ်းနေ မစန္ဒာအေးကို  အရပ်ဝတ်တွေနဲ့ စစ်ကောင်စီ တပ်သားတွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာပါ။

ရပ်ကွက်နေသူ တဦးက "သူတို့က ရဲစခန်းအနောက်ဘက်မှာနေတာ။ မနေ့က ၃ နာရီမှာ အရပ်ဝတ်တွေနဲ့လာခေါ်သွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မပြောဘူး။ အခု တောင်ပေါ် စစ်ကြောရေးစခန်းမှာလို့ ပြောတယ်"လို့ ဆိုပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၅ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင် အပါအဝင် ရှစ်ယောက်ကို စစ်ကောင်စီတပ်က ခေါ်ယူ ရိုက်နှက်ရာက ဇန်နဝါရီ ၆ ရက် မနက်ပိုင်း မှာ ​ထောင်တွင်း ပဋိပက္ခအကျဥ်းသား တယောက်ရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

"အဲဒီနေ့က သေနတ်သံတွေကြားလို့ အသိဝန်ထမ်းကို ဖုန်းဆက်တာ။ ဘာမှမဖြစ်ဘူးလို့ ပြောတယ်။ နောက်မှသိရတာ သေတာတွေရော၊ ဒဏ်ရာရတဲ့သူတွေရော ရှိတယ်လို့ သိရတယ်”

လတ်တလောမှာ ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာပါတဲ့ အကျဥ်းသား တချို့ကို နယ်ဘက်ထောင်တွေကို ပြောင်းဖို့ စစ်ကောင်စီဘက်က အကျဥ်းဦးစီးကို ဖိအားပေးထားတယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်က ပုသိမ်အကျဥ်းထောင် ပဋိပက္ခဖြစ်စဉ်မှာ အကျဉ်းသား တယောက် သေဆုံးပြီး ၆၃ ယောက် ဒဏ်ရာရရှိကာ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ရဲ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။


DVB

0 comments:

Post a Comment