Sunday, January 29, 2023

စပါးအဓိကစိုက်ပျိုးသည့်ဧရာဝတီတိုင်းတွင် ၁၀ ရက်အတွင်း ဆန်တစ်အိတ် ကျပ် ၁ သောင်းကျော် စျေးခုန်တက်

ဧရာဝတီတိုင်းတွင် စပါးစျေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အခြေခံလူတန်းစားများ အဓိက စားသုံးနေသည့် ဆန်ကြမ်းစျေးနှုန်းများမှာလည်း ၁၀ ရက်အတွင်း ၁ အိတ်လျှင် ကျပ် ၁ သောင်းကျော်အထိ စျေးနှုန်းများ မြင့်တက်သွားကြောင်း သတင်းရရှိသည်။
ဆန်ဈေးနှုန်းများမှာ ယခုလ ၁၈ ရက်နေ့က ငစိန် (ဆင်းသုခဆန်ကြမ်း) အသစ်ဈေးမှာ တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ဇန်နဝါရီလ ၂၈ ရက်) တွင် ၅၅၀၀၀ ကျပ်ကျော်အထိ စျေးတက်သွားခဲ့ပြီး ငစိန် (ဆင်းသုခ) အဟောင်းဈေးမှာ ၅၅၀၀၀ ကျပ်စျေးနှုန်းမှ ၆၅၀၀၀ ကျပ်အထိ စျေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။
ယင်းဆန်စျေးနှုန်းများမှာ စစ်တပ်အာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆန်စျေးများ တရိပ်ရိပ်မြင့်တက်ခဲ့ ပြီးနောက် လက်ရှိ ၂၀၂၃ နှစ်ဆန်းပိုင်းတွင် အမြင့်ဆုံးဆန်စျေးနှုန်းသို့ စံချိန်တင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
"ဆန်ဈေးက စပါးသစ် စပေါ်ချိန်မှာ ၄ သောင်းကျော် ရှိခဲ့တယ်။ ဒီရက်အတွင်းကို ၁ သောင်းကျော်လောက်ကို ဈေးက ခုန်တက်သွားတယ်။ အဲဒါတောင် ထပ်တက်ဦးမယ်လို့ အသံတွေကြားနေလို့ လုယက်ဝယ်နေကြတာ ရှိတယ်။ ဘာဖြစ်လို့ ဒီလောက်ဈေးတွေ ဖြစ်သွားလဲတော့ မသိဘူး။ အခုလို စျေးတက်နေပုံနဲ့က အခြေခံ လူတန်းစားတွေ အခက်အခဲ ပိုဖြစ်လာနေတယ်"ဟု မြောင်းမြမြို့နယ်မှ ဆန်ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရပ်သား NLD အစိုးရလက်ထက်က ဆန်ကြမ်းတစ်အိတ်လျှင် ဒေသအပေါ်မူတည်၍ ၂ သောင်း ၅ ထောင်ဝန်းကျင်သာ ပေါက်စျေးရှိခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ဆန်စျေးနှုန်းမှာ ၂ ဆခန့် မြင့်တက် ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ဆန်များကို ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတချို့မှ တန်ချိန်သိန်းနှင့်ချီ၍ ဝယ်ယူနေသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဆန်ကုန်သည်ကြီးများက ဧရာ၀တီတိုင်းမှ စပါးများကို စျေးကောင်းပေး ဝယ်ယူနေသဖြင့် စပါးတင်း ၁၀၀ လျှင် အနိမ့်ဆုံး ၁၅ သိန်းကျပ်အထိ ပေါက်စျေး ဖြစ်နေသည်။ စပါးစျေးမြင့်တက်မှုနှင့်အတူ ဆန်စျေးနှုန်းများမှာလည်း ၁၀ ရက်အတွင်း ကျပ် ၁ သောင်း မြင့်တက်ခဲ့သလို ဆန်တစ်အိတ်၏အလေးချိန်မှာလည်း ပေါင်လျော့ကျမှုများ ဖြစ်ပေါ်နေသည်။
"အခုက ဆန်ဈေးကလည်း တက်နေသလို ဆန်အိတ်ရဲ့ဝိတ်ကလဲ ကျလာတယ်။ အရင်က ဆန်တစ်အိတ်ကို ၂၄ ပြည်ကျော်တဲ့အထိ ပါတယ်။ အခုက ၂၃ ပြည်လောက်ပဲ ရှိတော့တယ်။ တကယ်ဆို ဆန် ၁ တင်းခွဲတစ်အိတ်ကို ၂၄ ပြည်တော့ ပါရမှာလေ။ ဆန်စျေးတက်သလို ဆန်အိတ်မှာပါ ပေါင်တွေလျော့နေတာ။ နောက်ပိုင်း အိမ်ကဘုရားတောင် ဆွမ်းကပ်နိုင်ဖို့ မလွယ်တော့ဘူး”ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ဧရာ၀တီတိုင်း၌ မိုးစပါးစိုက်ပျိုးဧက ၃ ဒဿမ ၆ သန်းကျော်ရှိပြီး နွေစပါးစိုက်ပျိုးဧက ၁ ဒဿမ ၃ သန်းကျော်ရှိကြောင်း၊ လူဦးရေ ၆ သန်းကျော်ရှိသည့်အနက် ၄ သန်းခန့်မှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသူများဖြစ်ကြောင်း အရပ်သား NLD အစိုးရလက်ထက် စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်းမ်

0 comments:

Post a Comment