Thursday, January 26, 2023

မွန်ပြည်နယ်မှာ ဆန်ဈေးနှုန်း ချက်ချင်းထိုးတက်လာ

စပါးပေါ်ကာလစကပြီး လအတော်အကြာငြိမ်သက်နေတဲ့ မွန်ပြည်နယ်ရဲ့ဆန်ဈေးနှုန်းဟာ ဇန်နဝါရီ နောက်ဆုံး အပတ်မှာတော့ ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆန်ဈေးနှုန်းဟာ ပြည်နယ်အတွင်းမှာ စပါးလက်ကျန်နည်းပါးလာမှုနဲ့အတူ သယ်ယူပို့ဆောင်ရေး အပါ အဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တာပါ။
ပေါင် (၁၂၀) အလေးချိန်ရှိတဲ့ ဆန်ချောအုပ်စုဝင် စပါးဟာ ဇန်နဝါရီပထမအပတ်အတွင်း ကျပ် ၁၆ သိန်းနီးပါးသာ ပေါက်ဈေးရှိရာကနေ ဇန်နဝါရီနောက်ဆုံးအပတ်မှာတော့ ကျပ် ၁၈ သိန်းလောက်ထိ ဈေးနှုန်းမြင့်တက်လာခဲ့သလို ဆန်ကြမ်းအုပ်စုဝင် စပါးတွေကလည်း ကျပ် ၁၃ သိန်းကနေ ကျပ် ၁၆ သိန်းလောက်ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။
စပါးဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ပေါ်ဆန်းတစ်အိတ်ဟာ ကျပ် ၅၉၀၀၀ ကနေ ကျပ် ၆၂၀၀၀ ၊ ဆန်ကြမ်းဧည့်မထ တစ်အိတ်မှာလည်း ကျပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ဈေးနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဆန်စက်လုပ်ငန်းရှင်တစ်ဦးကတော့ ဈေးနှုန်းမြင့်တက်လာတာဟာ ပြည်နယ်အတွင်းမှာ စပါးလက်ကျန် နည်းပါးလာမှုနဲ့အတူ ကုန်သည်တချို့ စပါးဈေးဆွဲတင်နေတာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါ တယ်။
“စပါးဈေးတက်နေတယ်ဆိုတော့ ဆန်ဈေးလိုက်တက်ပြီးပေါ့။ စပါးသိပ်မရှိလို့၊ စပါးအထွက်နည်းလို့၊ စပါးတချို့ ရှိတဲ့ ဟာတွေကျတော့ မရောင်းဘူးပေါ့။ စပါးနည်းတော့ နည်းနည်းကျန်တဲ့သူတချို့ ဈေးတွေပြန်ဆွဲတာပေါ့။ စပါးကလည်း မနေ့ကဆိုတစ်နေကုန် အကြမ်းရှာတာ စပါးတစ်တင်းတောင် မရဘူး။ ဘယ်လို ပြောမလဲ ဆို တော့ စပါးကလည်း သိပ်မရတာလည်း တစ်ကြောင်းပေါ့။ ပြီးရင် ဝဲဈေးလည်း တက်တယ်။ စရိတ်တွေ အကုန် လုံး ဈေးများတယ်လေ။ ဆန်ချော၊ပေါ်ဆန်မွှေးတို့ ကျတော့ ဟိုတုန်းကတော့လည်း (၁၅) (၁၆)ပေါ့။ နံပါတ် တစ် ရှယ်အစားစပါးဆိုရင် (၁၇)၊ အခုတော့လည်း (၁၇) (၁၈) နီးပါးတော့ ရှိတာပေါ့၊ အကြမ်းကတော့ ပေါင်နဲ့ သူတို့ရောင်းပြီး စကားပြောတယ်။ ဟိုတုန်းက ဝယ်ရင်ပေါင်(၁၂၀)ဆို ဟိုတုန်းကတော့ (၁၃)သိန်းခွဲပေါ့။ အခု ဆိုရင် အဲဒီမှာ ပေါင်(၁၂၀)ကို (၁၆)သိန်းခွဲ ဝယ်ရတယ်အခု။ မနေ့ကဘဲ ကြိတ်တယ်”လို့ ဆိုပါတယ်။
ဆန်ဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း လျှပ်စစ်မီးမမှန်တာအပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုနဲ့အတူ ထုတ်လုပ်မှုစရိတ်ပိုမိုကုန်ကျတာကြောင့် ဈေးနှုန်းမြင့်တက်လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအဆိုအရ ဆန်ဈေးနှုန်းဟာ လက်ကျန်စပါးနည်းပါးတာအပြင် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် လာမယ့်လပိုင်းတွေအတွင်း ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
စပါးဈေးနှုန်း မြင့်တက်လာပေမယ့် တောင်သူတွေလက်ထဲ စပါးမရှိတော့အတွက် အကျိုးအမြတ်မရှိကြဘူးလို့ စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“မိုးစပါးမှာတော့ ဒီနှစ်ကကျွန်တော်တို့ကွင်းမှာဆိုရင် ရာသီဥတုမိုးကလေ အချိန်မဟုတ်အခါမဟုတ် တအား ရွာတော့ စပါးတွေတော့ တော်တော်အလေအလွင့်တွေ များကုန်တာပေါ့။ မိုးစပါးမှာ ပေါ်ဆန်မွှေးတွေ၊ ဆန်အ မာတွေ အလေအလွင့်တွေ များတာပေါ့။ ဘာကြောင့်လဲဆိုတော့ မိုးက အချိန်အခါမဟုတ်ရွာတော့ စပါးတွေ မှည့်တဲ့အချိန်မှာ စပါးတွေနည်းတယ်။ အောက်မှာ မိုးရေတွေက မိုးကရွာတော့ စပါးတွေရိတ်တဲ့ နေရာမှာ အခက်အခဲတွေ ရှိတယ်။ ဒါကြောင့် အလေအလွင့်များတယ်။ နောက်တစ်ခုက စပါးတွေ အရည်အသွေး ကျတယ်။ စပါးဈေးက မြင့်တက်လာတယ်ဆိုပေမယ့် တောင်သူတိုင်းမှာတော့ စပါးမရှိဘူး။ ဟိုတချို့ တောင်သူ တွေက စပါးပေါ်တာနဲ့ကြွေးမြီဆပ်လိုက်ရတဲ့ တောင်သူတွေလည်း ရှိတယ်လေ။ သူတို့တွေ ကျတော့ အခုနေ ခါမှာ စပါးဈေးတက်လားလည်း သူတို့အတွက်ဘာမှ မထူးဘူးပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ သွင်းအားစုဈေးနှုန်း အဆမတန် မြင့်တက်ပြီး အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်မှုတွေကြောင့် အကျိုးအမြတ်နည်းပါးခဲ့သလို သွင်းအားစု မထည့်နိုင်တဲ့ တောင်သူတွေမှာလည်း အထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်တာတွေရှိခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဟာ စပါးစိုက်ဧက ၇ သိန်းနီးပါး ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်စပါးတင်းပေါင်း သိန်း ၄၃၀ ကျော်ထွက်ရှိနေဖြစ်ကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲရောင်းချပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာပါ။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်လာတာကြောင့် ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေ အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်

0 comments:

Post a Comment