Tuesday, January 17, 2023

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာနှင့် သန်လျင်-ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာမှ တန်ဖိုးနည်း/တန်ဖိုသင့်အခန်း ၂၀၄ ခန်းကို ဇန်နဝါရီလအတွင်း ရောင်းချမည်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာနှင့် သန်လျင်-ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာမှ  တန်ဖိုးနည်း/တန်ဖိုသင့်အခန်း ၂၀၄ ခန်းကို ဇန်နဝါရီလအတွင်း ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းနှင့် သန်လျင်-ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာစီမံကိန်းတို့ရှိ တန်ဖိုးနည်း/တန်ဖိုးသင့်အခန်း ၂၀၄ ခန်းကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက်ရှိသူများအား အတိုးနှုန်းသက်သာသည့် ချေးငွေအစီအစဉ်ဖြင့် ဇန်နဝါရီလတွင် ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ခန်းပေါင်း တစ်သောင်းပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၀ ကျော်အား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ခန်းနှင့် မန္တလေးမြို့တွင်အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့ကို တည်ဆောက်လျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ယာစီမံကိန်းများအဖြစ် ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ၊ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ အောင်မြင့်မိုရ်နှင့် သီလဝါဥယျာဉ်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောက်လုပ်ရောင်းချပေးနေခြင်းဖြစ်သည်။

ယင်းပြင်ပြည်သူများ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် လူနေထိုင်မှုဘဝ ရရှိနိုင်ရေးနှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် Mingladon Industiral Park၊ Korea-Myanmar Industrial Complex၊ Yangon Amata Smart and Eco City၊ နိုင်ငံတကာ အဆင့်မီပန်းလှိုဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်ရာလိုအပ်လျက်အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ဘီလျံ၊ အငှားအိမ်ရာအခန်းပေါင်း ၈၁၂ခန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အိမ်ရာအခန်းပေါင်း  ၁၂ဝတည်ဆောက်ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို တိုင်းဒေသကြီး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများ ချထားရေးကို တာဝန်ယူဆောင်ရွက်ပေးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။   


Eleven

0 comments:

Post a Comment