Tuesday, January 17, 2023

ထိုင်းတွင် ရေနံတင်သင်္ဘောပေါက်ကွဲ၊ မြန်မာနိုင်ငံသားများ ပါဝင်နေ

မြန်မာနိုင်ငံသားများ သွားရောက်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း စမွတ်စွန်ခရမ်ခရိုင်ရှိ မဲခေါင်မြစ်တွင် ရေနံတင်သင်္ဘောတစ်စင်းသည် ဇန်နဝါရီလ ၁၇ ရက် အင်္ဂါနေ့အစောပိုင်းက ပေါက်ကွဲခဲ့ရာ လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုသည် သင်္ဘော ဂဟေဆော်နေစဉ်အတွင်း ဖြစ်ပွားခဲ့‌ခြင်းဖြစ်ပြီး ထို သင်္ဘောပေါ်တွင် အလုပ်သမား ၁၀ ဦးခန့်နှင့် သင်္ဘောကျင်း၏ ကမ်းနားတွင် အလုပ်သမား ၃၀ ဦး ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားသည်။
သင်္ဘောအား ရွမ်မစ်ဒ် သင်္ဘောကျင်း၌ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယင်းကဲ့သို့ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပေါက်ကွဲမှုအတွင်း လူခုနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Somunuk Promkaew က အင်္ဂါနေ့နေလည်ပိုင်းတွင် ပြောကြားခဲ့သည်။
ဒဏ်ရာရသူ လေးဦးထဲမှ သုံးဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း၊ ထို့ပြင် ပျောက်ဆုံးနေသူ ခုနှစ်ဦးမှ ခြောက်ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကာ ကျန်တစ်ဦးမှာ ထိုင်းနိုင်ငံသား ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားသည်။
ယင်းပေါက်ကွဲမှုကြောင့် အနီးနားရှိ အိမ်တစ်ချို့တွင် မီးစွဲသွားခဲ့ကြောင်းနှင့် ပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
Source: WION
Popular

0 comments:

Post a Comment