Sunday, January 8, 2023

ဟားခါးမြို့တွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ကျင်းပခွင့်မပြု၊ ဝင်ရောက်အရွေးခံသူများကိုလည်း အရေးယူသွားမည်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ အာဏာသိမ်းစစ်ကောင်စီကို ရွေးကောက်ပွဲကျင်းပခွင့်ပေးမည်မဟုတ်ကြောင်းနှင့် ဝင်ရောက်အရွေးခံသူများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha Council က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
သတင်းထုတ်ပြန်ချက်တွင် အာဏာရူးမင်းအောင်လှိုင်နှင့် သူ၏အကြမ်းဖက်စစ်ကောင်စီသည် ရွေးကောက်ပွဲလုပ်ကာ တရားဝင်အစိုးရဖြစ်နိုင်ရေး ကြိုးစားမှုအား CDF-Hakha Council အနေဖြင့် လုံးဝ ကန့်ကွက်ပြီး ဟားခါးမြို့နယ်အတွင်းတွင် ကျင်းပခွင့်ပေးမည်မဟုတ်ဟု ဆိုသည်။
၎င်းရွေးကောက်ပွဲအတွက် ပါဝင်ဆောင်ရွက်နေသော ရုံးနှင့် လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့်လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်များနှင့်အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


Photo - CDF ခါးဟားတပ်ဖွဲ့ဝင်များ

0 comments:

Post a Comment