Friday, January 27, 2023

ရခိုင်က ရဲမိသားစုဝင်တွေကို စစ်တပ်က စစ်သင်တန်းပေးနေ

ရခိုင်ပြည်နယ်၊ မြို့နယ်တချို့မှာရှိတဲ့ ရဲတပ်ရင်း၊ ရဲ စခန်းတွေက ရဲဝန်ထမ်းတွေရဲ့ဇနီးတွေကို စစ်ကောင်စီ တပ်က ခေါ်ယူပြီး စစ်သင်တန်းတွေ ပေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလို သင်တန်းပေးတာကို လက်ရှိမှာရခိုင်ပြည်နယ် နယ်စပ် မောင်တောနဲ့ မြေပုံမြို့နယ်တို့မှာလုပ်နေတာဖြစ်ပြီး တခြားမြို့နယ်တွေမှာလည်း အလားတူ သင်တန်းတွေ ထပ်ပေးသွားမယ်လို့ ကြားရကြောင်း ရဲဝန်ထမ်းတွေ နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“သေနတ်ပစ်နည်းတွေ သင်ပေးတယ်၊ပြီးတော့ စခန်းတွေ ဝင်တိုက်တဲ့အခါ လုပ်ရမယ့်ဟာတွေကောသင်တယ်၊စစ်တိုက်ဖို့အတွက် သင်တဲ့သင်တန်းပဲ၊သင်တန်းက တပတ်ကျော်လောက် တက်ကြရတယ်လို့ ပြောတယ်၊ဒီ ရက်ပိုင်းကပဲ ပြီးသွားတာပါ”လို့ မောင်တောမြို့နယ်က ရဲဝန်ထမ်းမိသားစုဝင်တဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် မြေပုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့လအတွင်းကတည်းက ရဲဝန်ထမ်းဇနီးတွေကို စစ်သင်တန်းပေးခဲ့ကြောင်း အဲဒီက သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
အာဏာသိမ်းစစ်တပ်က အခုလိုမျိုး ရဲဝန်ထမ်းတွေရဲ့ဇနီးတွေကို စစ်သင်တန်းပေးနေတာဟာ သူတို့လက် အောက် မှာ စစ်သား၊ ရဲသားအပါအဝင် လုံခြုံရေးတပ်ဖွဲ့အရေအတွက်တွေ အများအပြားလျော့နည်းသွားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ဘာလို့(သင်တန်း)ပေးလဲဆိုတော့ ဒီမှာရှိတဲ့ ရဲတပ်ရင်းတွေမှာက ဖွဲ့စည်းပုံမှာ အင်အား၂၀၀ ရှိရင် တကယ့်တကယ်ကျတော့ ၈၀ လောက်ပဲ ကျန်တော့တယ်၊ပြီးခဲ့တဲ့တိုက်ပွဲမှာ တော်တော်ပါသွားကြပြီလေ၊ အဖမ်းခံရတာရော၊ တိုက်ပွဲမှာ ကျတာရော၊ အဲဒါကြောင့် ပေးတာဖြစ်မယ်၊ တခြားမရှိပါဘူး”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ရခိုင်တပ်တော်(AA)တို့ဟာ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်တပ်ဘက်က တပ်စခန်း အများမပြား ဆုံးရှုံးလက်လွှတ်ရတဲ့အထိ တိုက်ပွဲ‌တွေ အပြင်းအထန် ဖြစ်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲတွေမှာ သေဆုံး သွားခဲ့တဲ့ စစ်သား၊ ရဲသားအရေအတွက်ဟာလည်း ရာချီပြီး ရှိခဲ့ကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေနဲ့ AA ရဲ့ ထုတ်ပြန် ချက်တွေက ဆိုပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် တိုက်ပွဲတွေ ရပ်စဲထားချိန်တုန်းကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိ တဲ့ ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကို စစ်သင်တန်းပေးခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးစိုးထွဋ်ဟာ အခုလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ် မောင်တောခရိုင်ကိုသွားခဲ့ပြီး ဒေသအခြေစိုက် ရဲတပ်ဖွဲ့စခန်းတွေဆီ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ AA တို့ဟာ နှစ်ဖက်အပစ်အခတ်တွေ ရပ်စဲထားကြပြီး စစ်တပ်ကတော့ လက်နက်၊ ရိက္ခာ၊ စစ်သားအင်အားတွေ အလုံးအရင်းနဲ့ ဖြည့်နေပါတယ်။
Photo - PoliceForce

0 comments:

Post a Comment