Sunday, January 8, 2023

ကန့်ဘလူမြို့ပေါ် အပါအဝင် ပျူစောထီးစိုးမိုး ကျေးရွာတွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲ လူဦးရေစာရင်း စတင်ကောက်ယူ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ် အပါအဝင် ပျူစောထီး စိုးမိုးရာ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပျူစောထီးတွေကို ဦးဆောင်စေကာ ရွေးကောက်ပွဲ ပြင်ဆင်မှု အဖြစ် အိမ်ထောင်စု လူဦးရေ စာရင်းတွေ စတင် ကောက်ယူနေပြီလို့ ဒေသတွင်း သတင်းအရင်းအမြစ် Infinity Group က မနေ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ပထမအပတ်ထဲမှ စတင်ကာ ကန့်ဘလူမြို့ပေါ် ရပ်ကွက်တွေအပါအဝင် ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်နဲ့ ကာဘိုးတိုက်နယ်တွေက ပျူစောထီး စိုးမိုးရာ ကျေးရွာတွေမှာ အိမ်ထောင်စုစာရင်းတွေ ကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။
"အခုလို အိမ်ထောင်စု စာရင်းတွေ လိုက်ကောက် နေတာက ရွေးကောက်ပွဲ အတွက် ပြင်နေတာပဲဗျ။ သူတို့ (စစ်ကောင်စီ) ဘက်က ပြောတဲ့ ပုံစံအရတော့ ကျွန်တော်တို့ နယ်ထဲက ရွေးကောက်ပွဲ လုပ်လို့ရသမျှ နေရာတွေမှာ မရရအောင် လုပ်မယ့်သဘောပဲ" လို့ ပျူစောထီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ လူငယ် တဦးက ပြောပါတယ်။
အခုလို အိမ်ထောင်စုစာရင်း ကောက်ခံနေတာဟာ စစ်ရေး၊ နိုင်ငံရေး အဖက်ဖက် ယိုယွင်းနေတဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေး ထွက်ပေါက်အတွက် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၃ ရက်တာအတွင်း တအိမ်တက် တအိမ်ဆင်း လူဦးရေစာရင်း ကောက်ယူသွားမှာ ဖြစ်ပါတယ်။
"သားယောက်ျားလေးရှိတဲ့ အိမ်တွေဆို အိမ်ထောင်ကျပြီးသား ဆိုရင် အိမ်ထောင်စု စာရင်းထဲမှာ မိန်းမ နာမည် ထပ်ပေါင်းဖို့ ဒါမှမဟုတ်ရင် မိန်းမဖြစ်သူ အိမ်လိုက်သွားရင် အိမ်ထောင်စုစာရင်း ထဲကနေ ပြန်ပယ်ဖို့တွေပါ ပြောတယ်။ အဲ့လိုမှ မဟုတ်ရင် တလတခါ ဧည့်စာရင်း တိုင်ရမယ်လို့တော့ ပြောတယ်" လို့ ကန့်ဘလူမြို့ခံ တစ်ဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ ကျေးရွာပေါင်း ၂၅၀ ကျော်ရှိကာ စစ်ကောင်စီနဲ့ ပျူစောထီး စိုးမိုးထားတဲ့ ကျေးရွာ ၄၅ ရွာအထိ ရှိလာပြီဖြစ်ပြီး ကျန်ကျေးရွာတွေကတော့ မြို့နယ်တွင်း စစ်ရေးအခြေအ‌နေတွေကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment