Tuesday, January 17, 2023

ရုရှားစစ်တပ် အပြောင်းအလဲများ ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းမည်

ရုရှားဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ကြီးကြီးမားမား အပြောင်းအလဲတွေ လုပ်မှာဖြစ်ပြီး ယူကရိန်းစစ်မြေပြင်မှာ လနဲ့ချီ အဆင်မပြေမှုတွေ ကြုံလာရပြီးနောက် သူ့ရဲ့ စစ်တပ်ဖွဲ့စည်းပုံကိုလည်း ပြန်ဖွဲ့စည်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

မော်စကိုနဲ့ လီနင်ဂရက် စစ်တိုင်းနယ်မြေတွေမှာ အုပ်ချုပ်ရေးပိုင်း ပြုပြင်ပြောင်းလဲမှုတွေအပြင် သူ့ရဲ့ ရေတပ်၊ အာကာသယာဉ်နဲ့ ဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို အားကောင်းအောင်လုပ်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဂီ ရွှိုင်ဂူက ပြောပါတယ်။

ရုရှားတပ်တွေကို တွန်းလှန်ရာမှာ ကူညီဖို့ အနောက်နိုင်ငံတွေက ယူကရိန်းနိုင်ငံကို လက်နက်ကြီးတွေ တိုးမြှင့်ပေးပို့ပြီးတော့ ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ ကြားခံစစ်ပွဲကြောင့် လိုအပ်တဲ့ အပြောင်းအလဲတွေကို လုပ်တာဖြစ်ကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ရာမှာ ထိရောက်မှုမရှိတဲ့အပေါ် ပြည်တွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ သူ့ရဲ့စစ်အင်အားကို ၁ သန်းခွဲအထိ တိုးမြှင့်မယ်လို့ ဒီဇင်ဘာလမှာ ကတိပြုခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ အစပိုင်းမှာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ဧရိယာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အထိနာပြီး ရှုံးနိမ့်မှုနဲ့ ပြန်ဆုတ်ခွာရမှုတွေ ဆက်တိုက်ကြုံခဲ့ရတာကြောင့် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ၁၁ လအတွင်း စစ်တပ်ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲခပ်များများ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူဟာ ယူကရိန်းတိုက်ပွဲကို တာဝန်ယူမယ့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗလာရီ ဂျေရာစီမော့ဗ်ကို ခန့်အပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကတော့ ယူကရိန်းနိုင်ငံ ဒွန်နက်စ်ခ်ဒေသရှိ အသေးစား ဆားတူးဖော်ရေး မြို့ကလေး ဆိုလီဒါကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။


DVB

0 comments:

Post a Comment