Tuesday, January 17, 2023

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများ အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးအတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် လဟယ်မြို့ရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲခဲ့မှုအခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့်အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့ရသည့် အကြပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်တာဝန်များထမ်းဆောင်ခြင်းမပြုမီ အချိန်ကတည်းကပင် နိုင်ငံတော်၏စီးပွားရေးမှာ ကျဆင်းလျက်ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုနှင့်အတူ မိမိတို့နိုင်ငံသည်လည်း စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲ၊ အကြပ်အတည်းများကြားမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့် အသေးစား၊ အလတ်စားနှင့် အငယ်စား(MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် နိုင်ငံ၏စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


Eleven

0 comments:

Post a Comment