Sunday, January 8, 2023

အရာတော်မြို့က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သားအဖ ၂ ယောက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ ကျောက်ပြောက်ကျေးရွာမှာနေတဲ့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖြစ်သူနဲ့ သူ့ရဲ့သားဖြစ်သူတို့ ၂ ယောက်ဟာ မနေ့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
" မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ အရာတော်မြို့နဲ့ ၂ မိုင်အကွာလောက်မှာရှိတဲ့ ကျောက်ပြောက်ရွာက စက်သုံးဆီဆိုင်မှာ အသတ်ခံရတယ် ၊ သေဆုံးသူတွေက မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့် နဲ့ သူ့ရဲ့သား ဖြစ်သူကို ပစ်သတ်သွားတယ် ၊ အဲ့ဒါကြောင့် သူတို့ သားအဖ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို အရာတော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးထားတယ် " လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
အရာတော်မြို့ခံ တယောက်က " အခုပစ်သတ်ခံရတဲ့ ဦးကျော်မြင့်ဆိုသူဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ မြို့နယ် ဥက္ကဋ္ဌ ဖြစ်သလို ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တယောက်လည်းဖြစ်တယ်"လို့ ပြောပါတယ်။
အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီး အရာတော်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က" ဦးကျော်မြင့်ရဲ့ မိသားစုရှိရာ စက်သုံးဆီအရောင်းဆိုင်ကို ဆိုင်ကယ် အစီး ၄၀ ကျော်နဲ့ လက်လုပ်သေနတ်တွေ ကိုင်ထားတဲ့ လူ ၅၀ လောက်ရောက်လာတယ် ၊ အဲ့ဒီမှာ ဦးကျော်မြင့် တို့ သားအဖ ၂ ယောက် ပစ်သတ်ခံရတယ် ၊ ဦးကျော်မြင့်ရဲ့မိန်းမကတော့ ထွက်ပြေး လွတ်မြောက်သွားတယ် ၊ အဲ့ဒီ စက်သုံးဆီဆိုင်ကိုလည်း မီးရှို့သွားတယ် ၊ အမှုဖွင့် စစ်ဆေးနေတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ ကျောက်ပြောက်ကျေးရွာက လျှပ်စစ်ဝန်ထမ်းတယောက် ပစ်သတ်ခံရတာ ဖြစ်ပွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ရဲ့ (၁)နှစ်တာကာလအတွင်း အရာတော်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်စဥ်တွေ ၊ ပစ်သတ်ခံရတာတွေကြောင့် လူ(၈၀)ထက် မနည်း သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

SP (VOM)

0 comments:

Post a Comment