Sunday, January 8, 2023

၂၀၂၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု‌ ဒေါ်လာ သုံးသန်းကျော်သာရှိပြီး စုစုပေါင်းခွင့်ပြုမှု၏ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိ

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သုံးသန်းကျော်သာရှိခဲ့ပြီး အဆိုပါကာလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာအထိ တစ်နှစ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄၉၉ သန်းရှိသည်။ အဆိုပါ တစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၁ ဒသမ ၇၅၃ ဘီလျံနှင့် နှိုင်းယှဥ်ပါက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဝင်ရောက်ခဲ့သည့်ပမာဏမှာ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိသည်။
ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လယ်စိုက်ပျိုး‌ရေးကဏ္ဍအောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝ ခွင့်ပြုပေးခဲ့ခြင်း မရှိသည်မှာ ဆောက်လုပ်ရေးကဏ္ဍတစ်ခုတည်းသာ ရှိနေခဲ့ခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်ကို ခွင့်ပြုပေးထားကြောင်း DICA မှ သိရသည်။
နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၅၀ ကျော်ရှိ လုပ်ငန်းပေါင်း ၄၂ ခုသာဝင်ရောက်ခဲ့၍ စုစုပေါင်းပမာဏ၏ သုည ဒသမ ၄၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

MT News

0 comments:

Post a Comment