Wednesday, January 11, 2023

အင်ဒိုက မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအထူးသံတမန်ရုံးဖွဲ့စည်းမည်ဟုဆို

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ကိုင်တွယ်ဖြေရှင်းမှုကို ဦးဆောင်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရုံးဖွဲ့စည်းထူထောင်မည်ဖြစ်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မစ္စရတ်ထ်နိုမာဆူဒီကပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် ယခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည့်နိုင်ငံဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန်ရုံးအား ဦးဆောင်မည့်မစ္စမာဆူဒီက မြန်မာ့အရေးအတွက် သက်ဆိုင်သူအားလုံးနှင့်ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအတွင်းရေးမှူးချုပ်အား သက်ဆိုင်သူအားလုံးနှင့် ဝင်ရောက်တွေ့ဆုံခွင့်ပေးရန်တောင်းဆိုခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန်လည်း မြန်မာအာဏာပိုင်များအနေဖြင့် ခွင့်ပြုပေးဖို့တောင်းဆိုခဲ့သည်။
"မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ လွတ်မြောက်နိုင်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ အစွမ်းကုန်ကူညီဆောင်ရွက်သွားမှာပါ" ဟုလည်း ၎င်းကဆိုခဲ့သည်။
အင်ဒိုအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ နိုဝင်ဘာလကပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်နှင့် အစောပိုင်းကာလများကချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟုလည်းဆိုခဲ့သည်။
ယင်းအပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအထူးသံတမန်နှင့်ပါ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Source : Nikkei Asia
Popular

0 comments:

Post a Comment