Friday, January 27, 2023

“Jintian” ကုန်စည်သင်္ဘော နစ်မြှုပ်မှုကြောင့် သေဆုံးသူ ၈ ဦးတွင် မြန်မာသင်္ဘောသား ၂ ဦး ပါဝင်သည့်အပြင် မြန်မာသင်္ဘောသား ၆ ဦး ပျောက်ဆုံးနေ

ဟောင်ကောင်တွင်မှတ်ပုံတင်ထားသော “Jintian”အမည်ရှိ ကုန်စည်သင်္ဘောနစ်မြှုပ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦး အပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ Lu Guijun က ရှာဖွေကယ်ဆယ်ရေးသမားများသည် ဇန်နဝါရီ ၂၆ ရက် နေ့လည်ပိုင်းအထိ နစ်မြှုပ်ခဲ့သော သင်္ဘောပေါ်တွင်ပါဝင်ခဲ့သော သင်္ဘောသား ၂၂ ဦးအနက် သင်္ဘာသား ၁၃ ဦးကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ပြန်ရှာတွေခဲ့သူများထဲတွင် တရုတ်နိုင်ငံသား ၆ ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ပြောသည်။ ထို့ပြင် မြန်မာသင်္ဘောသား ၆ ဦးနှင့် တရုတ်သင်္ဘောသား ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

၎င်းက “သင်္ဘောနစ်မြှုပ်မှုကြောင့် ဇန်နဝါရီ ၂၆ ရက်နေ့ နေလည်ပိုင်းအထိ ၈ ဦး သေဆုံးထားတယ်။ မြန်မာနိုင်ငံသား သင်္ဘောသားနှစ်ဦးနဲ့ တရုတ်နိုင်ငံသားသင်္ဘောသား ၆ ဦး သေဆုံးထားတယ်။ အခြားတရုတ်သင်္ဘောသား ၅ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေနေမျိုးမရှိဘူး။ ကံဆိုးခဲ့သူတွေအတွက် အလွန်မင်းစိတ်မကောင်းဖြစ်ရတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။

မြန်မာသင်္ဘာသား ၈ ဦးနှင့် တရုတ်သင်္ဘောသား ၁၄ ဦး အလုပ်လုပ်နေသော ကုန်စည်သင်္ဘောသည် ဇန်နဝါရီ ၂၅ ရက်တွင် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ပင်လယ်ပြင်တွင် နစ်မြှုပ်သွားခဲ့ပြီး ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကမ်းခြေစောင့်အဖွဲ့များက လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သော သင်္ဘာသား ၉ ဦးကို ရှာဖွေနေကြောင်း သိရသည်။


MT News

0 comments:

Post a Comment