Sunday, January 29, 2023

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထား

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ၂ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ ကာလအတွင်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၁၈၀၀ ကျော်နဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် တို့ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၁၀၀ ကျော်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုဘဏ္ဍာနှစ်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမိုဆောင်ရွက်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ စည်းကမ်းချက်တွေဖြေလျော့ကာ နယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုက ပိုမိုတိုးလာနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုကို မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနဲ့ ကျိုင်းတုံနယ်စပ်ဂိတ်တို့ကနေ ဆောင်ရွက်နေပြီး မူဆယ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စတဲ့ လယ်ယာထွက်ကုန်တွေ အပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနဲ့ ရေထွက်ကုန်တွေ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်က လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ တင်သွင်းတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment