Tuesday, January 17, 2023

သံတွဲတွင် စစ်ခေါင်းဆောင်နှင့် ထိုင်းကာချုပ်တို့တွေ့ဆုံမည်ဟု သတင်းများထွက်ပေါ်

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းကာကွယ်ရေးစစ်ဦးစီးချုပ်တို့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ငပလီတွင် တွေ့ဆုံမည်ဟု သတင်းများထွက်‌ပေါ်နေသည်။
တွေ့ဆုံမည့် ရက်လ အချိန်ကို အတိအကျ မသိရသော်လည်း ရခိုင်ပြည်နယ်က မြို့နယ်တချို့တွင် ပျက်စီးနေသည့် လမ်းအချို့ကို ပြုပြင်နေကြသလို လမ်းဘေးစျေးဆိုင်များအား လူကြီးခရီးစဉ်ရှိသည်ဟုဆိုကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဖယ်ရှားခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း ငပလီကမ်းခြေရှိ ဟိုတယ်များနှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေးတိုးမြှင့် ချထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ စစ်တပ်က အရာရှိကြီးတွေနဲ့ ဝန်ကြီးချုပ်တို့လည်း မနေ့က ရောက်လာတယ်။ မြို့တွင်းနဲ့ လမ်းတွေမှာ စစ်တပ်က လုံခြုံရေးတွေ ချထားတယ် ” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံး ခုခံတော်လှန်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် အကျပ်အတည်းကြားမှ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် PR စနစ်ဖြင့်ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေချိန် ထိုင်းအာဏာပိုင်းများနှင့် တွေ့ဆုံရန် စီစဉ်လာခြင်းဖြစ်သည်။
ထိုင်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့သည်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ငပလီသို့ရောက်ရှိမည် ဟု
သတင်းများထွက်ပေါ်ပြီး ပုလဲကျွန်းဘက်တွင် စစ်သင်္ဘောများ ဆိုက်ကပ်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ ငပလီကမ်းခြေ ပုလဲကျွန်းဘက်မှာ စစ်သင်္ဘောတွေ ပြီးခဲ့တဲ့ လေး၊ ငါးရက်လောက် ကတည်းကနေ ရောက်နေကြတာတွေ့တယ်၊ သံချပ်ကာကားတွေလည်း ရောက်နေတယ်။ငပလီကမ်းခြေက ဆိုင်တွေကိုလည်း ပိတ်ထားရတယ် ” ဟု ပြောသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် တခြားဝန်ကြီးတချို့မှာလည်း သံတွဲသို့ သွားရောက်ခဲ့သည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စည်ပင်သာယာရေးနယ်နမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည်ဟုဆိုကာ စျေးဆိုင်ခန်းမျာကိုလည်း ဇန်နဝါရီ ၈ ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားပေးရန် သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စာထုတ်ပြန်ပြီးနောက် ဇန်နဝါရီ ၁၀ရက်နေ့က မင်းဘာကြီးလမ်းဘေးတစ်လျှောက်အပါအဝင် ငပလီသွားလမ်းနှင့် ဂျိတ်တောလမ်းရှိ စျေးဆိုင် ၂၀၀ ခန့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ခဲ့သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ သူတို့က မြို့သန့်ရှင်းသာယာဖို့ကို အကြောင်းပြတာ။ အမှန်မှာက လူကြီးခရီးစဉ်ရှိလို့ လမ်းဘေးမှာ ရောင်းစားနေကြတဲ့ စျေးဆိုင်တွေကို အတင်းအဓမ္မဖိအားပေး ဖျက်ခိုင်းကြတာ။ အခုဆိုင်တွေ အဖျက်ခံရတော့ တစ်နိုင်တစ်ပိုင်လုပ်စားနေကြသူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ ဒုက္ခရောက်ကုန်တာပေါ့ဗျ ” ဟု ၎င်းက ပြောသည်။
အလားတူစစ်တွေမြို့တွင်လည်း မြို့ဝင်ဂိတ် လမ်းဆုံအနီးနှင့် မေယုလမ်းတစ်လျှောက်မှ လမ်းဘေးစျေးဆိုင် ၃၀ ခန့်ကို မြို့နယ်စည်ပင်က တာဝန်အရဟုဆိုကာ ဖယ်ရှားခိုင်းခဲ့သည်ဟု စျေးသည်များက ပြောသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား ယာယီအပစ်အခတ်ရပ်စဲထားချိန် ထိုင်း-မြန်မာ စစ်တပ် တာဝန်ရှိသူများ တွေ့ဆုံခြင်းဖြစ်သည်။
ပုံစာ - ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌဖြစ် ကွယ်လွန်ခြင်း အခမ်းအနားတွင် တွေ့ရသည့် ထိုင်း-မြန်မာတပ်မတော်တာဝန်ရှိသူများမြင်ကွင်း။
Photo - CNDS
ThinLwin KhetTimes

0 comments:

Post a Comment