Tuesday, January 17, 2023

တရုတ်ရွှေလီလေကြောင်းလိုင်းက မန်စီ-မန္တလေး လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲတော့မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန်စီမြို့နှင့်မြန်မာနိုင်ငံ မန္တလေးမြို့ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ မန်စီ-မန္တလေးလေကြောင်းခရီးစဉ်ကို ဇန်နဝါရီလ၂၁ရက်မှစတင် ပြန်လည်ပြေးဆွဲပေးမှာဖြစ်တယ်လို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ သိရပါတယ်။

မန်စီ-မန္တလေး လေကြောင်းခရီးစဉ်ဟာ ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ပြီး တရုတ်ရွှေလီလေကြောင်းလိုင်း  (Ruili Airlines )မှ တိုက်ရိုက်ပြေးဆွဲပေးနေတဲ့ လေကြောင်းခရီးစဉ်တစ်ခုဖြစ်ကာ  ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ပြေးဆွဲမှု ယာယီရပ်နားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မန်စီ-မန္တလေး လေကြောင်းခရီးစဉ်ကို တရုတ် ရွှေလီလေကြောင်းလိုင်း (Ruili Airlines )မှ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့တွေမှာ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

ခရီးစဉ်ကို လေ ယာဉ်အမှတ် DR5037 ဖြင့် မန်စီမြို့မှ ဒေသစံတော်ချိန် ညနေ၅နာရီမှာ ထွက်ခွာမှာဖြစ်ပြီး မန္တလေးမြို့သို့ ဒေသစံတော်ချိန် ညနေ ၆နာရီ ၁၀မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ကာ မန္တလေးမြို့မှ ဒေသစံတော်ချိန် ည ၇နာရီ ၁၀မိနစ်မှာ ထွက်ခွာမှာဖြစ်သလို မန်စီမြို့သို့ ဒေသစံတော်ချိန် ည ၈နာရီ ၁၀မိနစ်မှာ ဆိုက်ရောက်မယ်လို့သိရပါတယ်။

ရွှေလီလေကြောင်းလိုင်း (Ruili Airlines )သည် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အခြေစိုက်ပျံသန်းနေသော တရုတ်လေကြောင်းလိုင်းဖြစ်ပြီး တရုတ်နိုင်ငံတွင်းနှင့်အရှေ့တောင်အာရှဒေသတွင်း ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပျံသန်းနေသလို မန်စီ-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်နှင့်မန်စီ-မန္တလေးလေကြောင်းခရီးစဉ်တို့ကို အပတ်စဉ် ပုံမှန်ပြေးဆွဲပေးတဲ့လေကြောင်းလိုင်းဖြစ်တယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment