Thursday, January 26, 2023

နိုင်ငံတကာထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ဆက်လျှောက်လှမ်းမယ်ဆိုပြီး ဗြိတိန်ဆိုင်ရာ မြန်မာသံရုံးပြော

မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းမှာ တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေနဲ့  နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို နားလည်ပေမယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို နိုင်ငံတကာရဲ့ ထောက်ခံမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တုန့်ပြန်လိုက်ပါတယ်။

The Guardian သတင်းစာမှာ  “The Guardian view on Myanmar’s military: in power but not in control”  အယ်ဒီတာ့အာဘော်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly ရေးသားတဲ့  “Britain is not a passive observer on the world stage. We want oligarchs and dictators to fear us” ဆောင်းပါးတွေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၉ ရက်တွေမှာ ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါဆောင်းပါးတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ရေးသားချက်တွေဖြစ်တာကြောင့် လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ဒါအပြင် မြန်မာသံရုံးအနေနဲ့ “Understanding myths and realities of Myanmar” ခေါင်းစဉ်တပ်ပြီး စာလုံးရေ (၈၀၀) ခန့်ပါတဲ့ အယ်ဒီတာထံပေးစာပေးပို့ခဲ့ပေမယ့် သတ်မှတ်ချက် စာလုံးရေ ၃၀၀ ကိုကျော်လွန်နေတာကြောင့် ပယ်ချလိုက်ကြောင်း၊ အစိုးရဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမြင်မတူသော နိုင်ငံရေး ပါတီဝင်များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီက မတရားအသင်းအဖွဲ့အစည်းအဖြစ်ကြေညာထားသူတွေရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၄,၅၄၃ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်းနဲ့ မဲစာရင်းလွဲမှားမှုကို စေ့စပ်ညှိနှိုင်းရေးအတွက် တပ်မတော်က ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတာကြောင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေအရ အရေးပေါ်အခြေအနေကြေညာခဲ့ရတာဖြစ်တယ်လို့လည်း တုန့်ပြန်ချက်ထဲမှာ ဖော်ပြပါရှိတာဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment