Wednesday, January 11, 2023

ဗစ်တိုးရီးယားစခန်း လေယာဉ်ဖြင့် ဗုံးကြဲ၍ ဝမ်းနည်းသပိတ်အဖြစ် ဆိုင်ခန်းများပိတ်မှု သက်ဆိုင်ရာသတိပေးပြီးနောက် ဆိုင်အကုန်ပြန်ဖွင့်

ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ဌာနချုပ်ဖြစ်သော ဗစ်တိုးရီးယားစခန်းအား လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆိုင်ခန်းများပိတ်သည့်သပိတ်ကို ဇန်နဝါရီ ၁၁ ရက်က ဟားခါးမြို့တွင်ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၀ ရက်တွင် CNA/CNF အဖွဲ့၏ ဌာနချုပ်ဖြစ်သော ဗစ်တိုးရီးယားစခန်းအား လေယာဉ်ဖြင့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် Hakha Campaign For Justice တွင် ချင်းဘာသာဖြင့် ဟားခါးမြို့ရှိ ဈေးဆိုင်များအား ဇန်နဝါရီ ၁၁ ရက်၌ ဆိုင်ပိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်ထားသဖြင့် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ စည်ပင်ဈေးကြီးမှအပ ဟားခါးမြို့ရှိဈေးဆိုင်များ၊ အိမ်ဆိုင်များအားလုံးဖွင့်လှစ်ခြင်းမရှိဘဲ ဆိုင်ခန်းများပိတ်သည့်သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
" မနေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ချင်းဘာသာစကားနဲ့ ဟားခါးမြို့တွင်းဆိုင်တွေမဖွင့်ကြဘဲ ပိတ်ရမယ်ဆိုတဲ့ ဆိုင်ပိတ်သပိတ်ကြေညာပြီးနောက် ဒီနေ့မနက်ပိုင်းက မြို့မစျေးကလွဲလို့ ကျန်တဲ့ဆိုင်တွေအားလုံးပိတ်ထားကြတယ်။ ဒါပေမဲ့ နေ့လည် ၁ နာရီထိုးခါနီးမှာ မဖွင့်ရင်အရေးယူခံရမယ်လို့ ကားနဲ့လိုက်အော်ပြီးနောက်ပိုင်း အကုန်ပြန်ဖွင့်ကုန်ကြတယ်"ဟု မြို့နေပြည်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါပိတ်ထားသောဆိုင်ခန်းများသည် သက်ဆိုင်ရာအဖွဲ့များမှ မော်တော်ကားဖြင့် လှည့်လည်လှုံ့ဆော်ပြီးနောက်ပိုင်း နေ့လည် ၁ နာရီထိုးတွင် စျေးဆိုင်များ၊အိမ်ဆိုင်များအားလုံးပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
"ဆိုင်ခန်းတွေ ပိတ်ပါလို့ ရေးထားတာကို မပိတ်ပြန်ရင်လည်း ဒလန်ဆိုပြီး မီးရှို့ဖျက်ဆီးခံရမှာ၊ လုပ်ကြံခံရမှာလေ။ အဲဒါ​ကြောက်လို့လည်း ပိတ်ကြတာပါတယ်"ဟု အဆိုပါ ဆိုင်ပိတ်သပိတ်တွင် မတတ်သာ၍ ဆိုင်ပိတ်ရသူတစ်ဦးက ဆိုသည်။

MT News

0 comments:

Post a Comment