Tuesday, January 17, 2023

သုံးနှစ်ခန့်ပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)တံတားကို ယခုလအတွင်းပြန်ဖွင့်နိုင်ရန် သန့်ရှင်းရေးလုပ်ငန်းများစတင်

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားကို ယခုလအတွင်းပြန်ဖွင့်နိုင်ရန် သန့်ရှင်းရေးလုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးက MT News သို့ ပြောသည်။

လက်ရှိတွင် အဆိုပါ တံတားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားစာပေးပို့ခဲ့သည့်အတွက် မြန်မာနိုင်ငံဘက်ကလည်း ဌာနအချင်းချင်း သဘောထားမှတ်ချက်များ တောင်းခံလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်က ယင်း တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေသောကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံဖြတ်သန်း၍ ခရီးသွားလာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အမြန်ဖွင့်လှစ်နိုင်ရန် အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားကြောင်းလည်း သိရသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကပဲ တံတားကို ခရိုင်ထွေအုပ်က သန့်ရှင်းရေးလုပ်တာ၊ ဆေးသုတ်တာတွေ လုပ်ဖို့ စီစဉ်လုပ်ဆောင်နေကြတယ်။ ချင်းရိုင်ဘက်က စာတင်တဲ့အပေါ်သဘောထားမှတ်ချက်ကို ပြည်နယ်အစိုးရက သဘောထားတောင်းတယ်။ ဒီလမှာ ဖွင့်ဖြစ်ဖို့ များတယ်။ သဘောထားမှတ်ချက်တောင်းတာကြောင့် ဘယ်လို အကြောင်းပြန်လိုက်လဲဆိုတော့ ဖွင့်သင့်ပါတယ်။ ဒီဂိတ်ကို ဖွင့်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင်ပြေမယ်။ ကုမ္ပဏီတွေ ငွေကြေးကိစ္စ အခုက ပို့ကုန်ရမှ သွင်းကုန်တင်သွင်းလို့ ရမှာဆိုတော့၊ ပို့ကုန်တင်သွင်းရင်လည်း ပို့ကုန်ရငွေလည်း ဘဏ်ထဲကို ဝင်ရမှာဆိုတော့ ဒီတံတားဖွင့်မှသာ ကုန်သည်လုပ်ငန်းရှင်အချင်းချင်း ထိတွေ့ပြီးတော့ ပိုအဆင်ပြေမယ်။ ကုန်သွယ်မှုချောမွေ့မယ်ဆိုတဲ့ အကြောင်း၊ ဒီလို တံတားဖွင့်လိုက်တဲ့အတွက် ဒေသနေလူထုတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရလာရင် ဒေသဖွံ့ဖြိုးမှုအတွက်ပါ အထောက်အကူ ဖြစ်လာမယ်ဆိုပြီးတော့ သဘောထားပေးထားပါတယ်”ဟု အဆိုပါ အဆင့်မြင့် အရာရှိက ပြောသည်။

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားကို လူများဖြတ်သန်းသွားလာရန်သာ ခွင့်ပြုမည် ဖြစ်ပြီး ထိုင်း-မြန်မာကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကိုမူ ချစ်ကြည်ရေးအမှတ်(၂)တံတားကသာ ခွင့်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားကို ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ဖြတ်သန်းခွင့်ပိတ်ထားသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။


MT News

0 comments:

Post a Comment